အခန်း(၈)
"ဒါဘယ်ကပြန်လာတာလဲ သမီးနွယ်"
"ဟင် မေမေ"
အိမ်ထဲသိူ့အရောက်မေမေ့ရဲ့ဆီးကြိုကာမေးခံလိုက်ရသံကြောင့် သူမလန့်သွားမိသည်။
"မေမေမေးနေတယ်လေ"
"ဟို..."
မေမေ့အားအကြောင်းစုံရှင်းပြလိုက်တော့ ခပ်တည်တည်မျက်နှာထားနှင့်နားထောင်နေ၏။
သူမအားထွေထွေထူးထူးဘာမှမပြောတော့ဘဲ ထိုင်ခုံမှထကာ အခန်းထဲဝင်သွားသောကြောင့် သူမသည်လည်း အိမ်ပေါ်ထပ်ရှိအခန်းထဲသို့ဝင်ကာ လှဲအိပ်လိုက်တော့သည်။🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
သကြင်္န်ရက်တွေကုန်ဆုံးတော့ ဆိုင်မှာပင်အချိန်ကုန်ဖြစ်၏။
ရေမိုးချိုးသနပ်ခါးလိမ်းကာ အိမ်အောက်ထပ်သို့ဆင်းလာတော့ အိမ်ရှေ့ခန်းတွင်ထိုင်နေသောမေမေနှင့် ဖေဖေ့ကိုတွေ့ရ၏။
နွယ့်ကိုမြင်တော့ မေမေက...."နွယ် လာပါအုန်း ပြောစရာရှိလို့"
"ဟုတ် မေမေ"
မေမေတို့ရှေ့က ခုံတွင်ဝင်ထိုင်လိုက်တော့ မေမေက နွယ့်ကိုကြည့်ကာ....
"သမီးနဲ့အနိုင်နဲ့ ဟိုးငယ်ငယ်ကတည်းခင်လာတယ် သံယောဇဥ်ရှိတယ်ဆိုတာက်ု မေမေတို့နားလည်တယ် မေမေတို့ကိုယ်တိုင်လည်း အနိုင့်အပေါ်သားတစ်ယောက်လို ချစ်တာကိုသမီးသိတယ်နော်"
"ဟုတ် သမီးသိပါတယ်မေမေ"
"အင်း ပြီးတော့ အနိုင့်မိဘတွေရဲ့ကျေးဇူးလည်း မေမေတို့အပေါ်မှာမကင်းဘူး ဒါပေမယ့် မေမေ့ရင်နဲ့လွယ်ပြီးမွေးထုတ်ထားတဲ့ သမီးကိုပေးရလောက်အောင်ထိတော့ သဘောထားမကြီးနိုင်ဘူး သမီး"
"ရှင် မေမေဘာကိုဆိုလိုတာလဲဟင် နွယ်နားမလည်ဘူး"
သတင်းစာကိုင်ကာ စိတ်ဝင်စားဟန်ဖမ်းလျက်ဖတ်နေသော
ဖေဖေ့အားလှမ်းကြည့်လိုက်တော့ ဖေဖေက နွယ့်ကိုတစ်ချက်ပြန်ကြည့်ကာ လက်ထဲမှသတင်းစာအား အသာချလိုက်ပြီးနောက်...."ဖေဖေကတော့ ထွေထွေထူးထူးဘာမှသိပ်မပြောချင်ဘူး သမီးမေမေနဲ့သမီးပဲ သေချာဆွေးနွေးကြ"ဟုဆိုကာ ခြံထဲသို့ဆင်းသွား၏။