Chapter (2)

157 19 0
                                    

(Unicode)

အပိုင်း (2)

ချယ်ရီပန်းတောင်ကြား၏ ဉာဥ့်ယံက တိရိစ္ဆာန်ငယ်လေးများ၏ အော်သံမှတစ်ပါး တိတ်ဆိတ်နေ၏။ ဖယောင်းတိုင်မီးရောင် ထွန်းလင်းထားပါသည့် အခန်းငယ်လေးထဲတွင် နှစ် ၁၅၀၀ ခန့် သက်တမ်းရှိနေပြီ ဖြစ်သော ကလေးငယ်လေးက စာလုံးစုတ်ချက်အရေး လေ့ကျင့်နေသည်။ ဤကလေးငယ်လေးမှာ နဂါးပေါက်စလေး ချန်ဖေးယွီပင် ဖြစ်ချေ၏။

အရွယ်ရောက်လာသည်နှင့်အမျှ ဖေးယွီက ကောင်းကင်ဘုံရှိ နတ်သူငယ်လေးများ လေ့ကျင့်သင်ကြားရသော ကျင့်ကြံရေး ကျောင်းတော်တွင် တက်ရောက်ရသည်။ သို့သော် ကျောင်းတက်သည့် အချိန်မှလွဲ၍ ယွင်ရှီးအနားတွင်သာ ကပ်နေသည်က ဟိုးအရင်က အတိုင်း။ အားရင်အားသလို ချယ်ရီပန်းတောင်ကြား၌သာ နေကာ ကျောင်းလည်း လစ်တတ်သေးသည်။ ဤကလေး ချယ်ရီပန်းတောင်ကြားသို့ ရောက်လာလျှင် ယွင်ရှီးမှာ မျက်နှာပူပူဖြင့် ဦးလေးငယ်ကိုသာ  သူ၏ သူငယ်ချင်း ကျင့်ကြံရေးကျောင်းတော် သခင် နတ်မင်းထံသို့ ခွင့်တောင်းခိုင်းရလေ့ရှိတတ်သည်။

ဖေးယွီ မိမိကိုယ်တိုင် ရေးထားသည့် စုတ်ချက်အား ကြည့်၍ အလိုမကျ ဖြစ်နေမိသည်။ တစ်ဖန် မျက်လုံးပင့်၍ သူနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော စာဖတ်နေသည့် ဇာမဏီနတ်ဘုရားအား ငေးမိလျှင် ခေတ္တမျှ တိတ်ဆိတ်သွားမိ၏။ ဖယောင်းတိုင်မီး၏ ဝင်းလဲ့လဲ့ အလင်းရောင်က ထိုသူ၏ ငြိမ်းချမ်းလှသော မျက်နှာထက်သို့ ဖြာကျနေ၏။ မျက်ဝန်းများအား အောက်စိုက်ကာ အေးဆေးစွာ စာဖတ်နေသော သူ၏ အာရုံသည်ကား ကျမ်းစာအုပ်ဆီမှ တစ်ပါး အခြား မရှိသည့် သဖွယ်။ ဖေးယွီ နှုတ်ခမ်းတစ်ချက် ထော်မိလိုက်သည်။

ရေးလက်စ စာရွက်ကို အသံမြည်အောင် စုတ်ဖြဲကာ လုံးချေပစ်လိုက်တော့ သူမှန်းထားသည့်အတိုင်း စာအုပ်ထဲတွင် စျာန်ဝင်နေသည့်သူက မျက်ဝန်းတို့ ပင့်ကာ သူ့ထံသို့ ကြည့်လာ၏။ ဖေးယွီ မသိချင်ယောင်ဆောင်နေရင်းနှင့်ပင် စုတ်တံအား ကောက်ကိုင်ကာ နောက်တစ်လုံးကောက်ရေးရင်း စိတ်ရှုပ်နေသည့်ဟန်ဖြင့် စာရွက်ကို ထပ်ဖြဲပစ်လိုက်သည်။ ထိုသူက ထိုင်ရာမှ ထလာ၏။ ဖေးယွီ တိတ်တိတ်လေး ခိုးပြုံးမိလိုက်သည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now