Chapter (24)

123 17 0
                                    

(Unicode)

အပိုင်း (24)

မရောက်တာကြာပြီ ဖြစ်သော ကျောက်စိမ်းတောင်တော်ဆီသို့ သူ တစ်ဖန် ခြေပြန်ချမိပါ၏။ ဆရာသခင် စစ်ရန်က ခန်းမဆောင်ထဲက အသင့်စောင့်ကြိုနေသည်။ ယွင်ရှီး ဆရာ့ထံသို့ ချဥ်းကပ်လျက် လက်နှစ်ဖက်ကို ယှက်ရင်းအရိုအသေ ပြုလိုက်သည်။

"ဆရာ ရှောင်ယွင်.. ဂါရဝပြုပါတယ်"

"စကား နားမထောင်တဲ့ တပည့်.. နောက်ဆုံးတော့ ပြန်မလာလို့ မရတော့ဘူး မဟုတ်လား"

ယွင်ရှီး ဒူးထောက်လိုက်ရင်း နဖူးကို ကြမ်းပြင်နှင့် ထိမတတ် ခေါင်းငုံ့ထားလိုက်၏။ ဆရာ့ထံမှ သက်ပြင်းချသံ သဲ့သဲ့ကြားရပြီးနောက် ယွင်ရှီး ပြုံးလိုက်မိသည်။ လောကသုံးပါးက အခြားသူတွေ ဆရာ့ကို မည်သို့ မြင်ကြသည် ဖြစ်စေ ယွင်ရှီးအတွက်ကတော့ ဆရာက လောကမှာ အကြင်နာတတ်ဆုံးသူပင်။

"ဆရာ.. အားဖေးရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

စစ်ရန်မှာ တိတ်ဆိတ်၍ သွားရ၏။ ဆရာကျိမင် နတ္ထိဘုံသို့ တက်လှမ်းခြင်းနှင့်အတူ တဒင်္ဂဖြစ်ပေါ်လာသည့် ဒေါသတရားကြောင့် သတိလစ်လဲကျနေသာ ဖေးယွီကို ကံကြမ္မာချိုင့်ဝှမ်းထဲတွင်သာ ထားခဲ့မိသည်။ တစ်ဖန် ဂူထဲ၌ တစ်ဦးတည်း ပြန်လည် ကျင့်ကြံနေသော်ငြား အာရုံများက မလွင့်စဖူး ပျံ့လွင့်နေခဲ့၏။ သို့သော် ကံကြမ္မာချိုင့်ဝှမ်းဆီသို့ သူတစ်ခေါက် ပြန်သွားကြည့်မိလျှင် ဖေးယွီက မရှိတော့ပေ။ နောက်ဆုံးတွင်တော့ သူနှင့် ဖေးယွီ၏ စိတ်လိုက်မာန်ပါ ပြုမူမှုများ၏ အကျိုးဆက်ကို ရင်ဆိုင်ရသည်မှာ ရှောင်ယွင်သာလျှင် ဖြစ်သည်။

"တော်ပြီ။ မက်မွန်နန်းတော်ကို သွားပြီး အနားယူတော့။ အဲဒီမှာပဲ မင်းရဲ့ခန္ဓာကိုယ်နဲ့ အတွင်းအားကို ပြုပြင်ဖို့ ကြိုးစားပါ။ လိုတာရှိရင် အစေခံငယ်လေးတွေကို ခိုင်းလို့ရတယ်။ ဆရာ့ကို ပြောစရာရှိရင်လည်း အချိန်မရွေးလာခဲ့"

"ဆရာ တပည့် တောင်းဆိုစရာ ရှိပါသေးတယ်။အားဖေး...အဲ့ဒီကလေးကို ခွင့်လွှတ်ပေးပါ။ သူ..."

"ငါ သိပြီ။ မင်း သူ့ကို ကျောက်စိမ်းတောင်တော်ရဲ့အဆောင် ပေးခဲ့ပြီးပြီ မဟုတ်လား အချိန်တန်ရင် သူ ပြန်လာမယ်ဆိုတာ ငါသိပြီးသားပါ။ သူကလည်း ငါ့ရဲ့ တပည့်ပါပဲ။ ငါက လက်မခံနိုင်စရာ အကြောင်းမရှိဘူး"

Yearning For Myriad Cherry [Completed]Where stories live. Discover now