(Unicode)
အပိုင်း (25)
မိစ္ဆာစွမ်းအင်များ စင်ကြယ်သွားခဲ့ပြီ ဖြစ်သော ဖေးယွီက ဟိုးအရင်နှစ်များဆီကအတိုင်း ချယ်ရီပန်းတောင်ကြားတွင် ယွင်ရှီးကို အဖော်ပြုပေးခဲ့၏။ မတူသည်မှာ ထိုစဥ်က ဂရုစိုက်ပေးခဲ့ရသူမှာ ယွင်ရှီးဖြစ်ခဲ့ပြီး ယခုအချိန်တွင်တော့ ထိုကလေးက သူ့ကို ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်သည်။
ကျင့်ကြံရေးအား ပြန်လည်လုပ်ဆောင်နေသဖြင့် ယခင်ကကဲ့သို့ အလွန်အမင်း ဖျော့တော့နေသည့်ဟန် မပေါ်ပါသော်ငြား ဖေးယွီကမူ ယွင်ရှီးအား မျက်စိအောက်ကပင် အပျောက်မခံပါချေ။ ယွင်ရှီး ဗျပ်စောင်းတီးလျှင် ပုလွေတစ်ချောင်းနှင့် အဖော်ပြုပေးနေတတ်သကဲ့သို့ တရားကျင့်ကြံသည့် အခါတိုင်းတွင်လည်း နံဘေးနားတွင် စာဖတ်ရင်း ဖြစ်စေ စောင့်နေပေးတတ်သည်။
ဦးလေးငယ်ကလည်း ဟိုးအရင်နှစ်များဆီကအတိုင်း တစ်ခါတရံ ချယ်ရီပန်းတောင်ကြားဆီသို့ အလည်လာတတ်၏။ ဖေးယွီနှင့် ကတောက်ကဆ ဖြစ်ခဲ့ကြသော်ငြား ဦးလေးငယ်က အမှတ်ထားဟန် မတူချေ။ ဖေးယွီအားလည်း အရင်တုံးက နဂါးပေါက်စလေးကဲ့သို့သာ ဆက်ဆံသည်။ သူတို့နှစ်ဦး၏ သာမန်ထက်ပိုသော ဆက်ဆံရေးကိုလည်း မေးမြန်းကန့်ကွက်ခြင်း မရှိ။ တစ်ခါတစ်ရံ ယွင်ရှီး ထင်မိသည်မှာ ဦးလေးငယ်က အကြောင်းစုံကို သိနေသဖြင့် စိတ်ချမ်းသာကြပါစေဟု လွှတ်ထားပေးသည့် အတိုင်း။
ဖေးယွီသည်ကား မိစ္ဆာဘုရင်လည်း မဟုတ်တော့သလို ကောင်းကင်ဘုံ၏ စစ်နတ်ဘုရားတစ်ပါးလည်း မဟုတ်တော့ပေ။ အမြဲလိုလို သူ၏ နံဘေးနားတွင် ကပ်တွယ်နေတတ်သည်မှာ ယွင်ရှီး စိတ်ပူလာမိသည့် အထိ။
အကယ်၍များ တစ်နေ့မှာ သူသာ မရှိတော့ဘူးဆိုရင် ဒီကလေး ဘယ်လိုလုပ်မလဲ ဟုပင်။
သို့သော်ငြား ယွင်ရှီးသည်လည်း ဖေးယွီ၏ ကပ်တွယ်ခြင်းတွင် အသားကျနေခဲ့ပြီ ဖြစ်သလို တစ်ခါတရံ ဦးလေးငယ်က သူ့အား မိစ္ဆာကူနှိမ်နင်းရန်ဖြစ်စေ သွားစရာ နေရာရှိ၍ ဖြစ်စေ ခေါ်သွားသည့်အခါ ပြန်လာသည့်အချိန်ကို မျှော်တလင့်လင့် ဖြစ်ရသည်မှာလည်း ယွင်ရှီးသာ ဖြစ်သည်။
KAMU SEDANG MEMBACA
Yearning For Myriad Cherry [Completed]
Fiksi PenggemarThis Work is Feiyunxi fanfiction. Names, places and Background places are just imagination. Collaboration with @Ryeo_27 . . . . . The picture used for the work is from pinterest. I give full credit to original owner.