Chapter (6)

119 20 0
                                    

(Unicode)

အပိုင်း (6)

ဖေးယွီ အိပ်ပျော်နေရာမှ ပြန်နိုးလာခဲ့ပေပြီ။ ပတ်ဝန်းကျင်ကို ကြည့်မိကာမှ ချယ်ရီပန်းတောင်ကြားရှိ သူ၏အခန်းငယ်အတွင်း ပြန်ရောက်နေသည်ကို သတိပြုမိကာ စိတ်သက်သာရာ ရသွားလေ၏။ ခဏတာ အနားယူနေရင်း သိဒ္ဓိစွမ်းအင်များ လှည့်ပတ်ကာ မိမိကိုယ်ကို စစ်ဆေးကြည့်လျှင် တစ်နေရာမှ အမှားမတွေ့။ မိစ္ဆာတို့နှင့် တိုက်ခိုက်ရာမှ ရသော ထိခိုက်ဒဏ်ရာများအားလည်း တစ်စုံတစ်ယောက်က သန့်စင်ကာ ပတ်တီးစည်းပေးထားဟန်တူသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မိုက်ကာ တိတ်ဆိတ်နေသဖြင့် ညအချိန် ရောက်နေမှန်းသိသာသည်။ ဖယောင်းတိုင်အား ထွန်းညှိလိုက်ရင်း ဖေးယွီ အနီးအနားရှိ စားပွဲပေါ်အား ငေးကြည့်မိတော့ ဆန်ပြုတ်ပန်းကန်လေး တင်ပေးထား၏။ ခပ်ဖွဖွပြုံးလိုက်ရင်း ကိုင်ကြည့်လိုက်သောအခါ ဆန်ပြုတ်ပန်းကန်လေးက အေးစက်နေပြီ ဖြစ်သည်။

သူ အချိန်မည်မျှပင် အိပ်ပျော်သွားသည်မသိ။ ယွင်ရှီး၏ လက်ချက်ဆိုလျှင် အနည်းဆုံး ၃ရက်မျှ ထင်သည်။ ပြီးတော့ ညသန်းခေါင်ယံကြီးမှ ပြန်နိုးလာသည်။ ဗိုက်ကဟာနေပါသဖြင့် ဆန်ပြုတ်အား ပန်းကန်လိုက် မော့သောက်လိုက်ပြီးနောက် ထိုနေ့ညက အဖြစ်အပျက်များအား ပြန်စဥ်းစားကြည့်မိ၏။ မြေခွေးမိစ္ဆာ၏ အဆိပ်ကို သတိရမိသောအခါ နဂါးကလေးမှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။

သူ ဘယ်လိုတောင် သတိလစ်ဟင်းခဲ့တာပါလဲ။ နောက်ပြီး အောင်တန်းကျသည့် မိစ္ဆာမကိုပါ မြင့်မြတ်လှသည့် ယွင်ရှီးနှင့် မှားယွင်းခဲ့မိသေးသည်။

ဒါပေမဲ့လည်း အဲဒီမြေခွေးမိစ္ဆာ၏ ပုံရိပ်ယောင်က သိပ်ကို ....။

တွေးတောနေမိရင်း သူ့အား ညှို့ငင်စွာဖြင့် ကြည့်နေပါသော ယွင်ရှီး၏ပုံရိပ်ကို ပြန်မြင်ယောင်လာသည်။ ပန်းနုရောင်သမ်းနေသော ပါးပြင်တို့နှင့် ရီဝေဝေ မျက်ဝန်းလေးတွေ။ အားဖေးဟု နူးညံ့စွာ ခေါ်ဆိုနေပါသော နီမြန်းမြန်း နှုတ်ခမ်းလွှာလေး။

ဟင့်အင်း။

ဖေးယွီ ခေါင်းကို ကမန်းကတန်း ယမ်းခါလိုက်မိ၏။ သူ ဘာပုံရိပ်တွေ မြင်ယောင်နေမိတာလဲ။

Yearning For Myriad Cherry [Completed]Tahanan ng mga kuwento. Tumuklas ngayon