Chapter (3)

124 21 0
                                    

အပိုင်း (3)

မီးဂဠုန်ဂူဟူသည်မှာကား မီးတောင်ဟောင်းတစ်ခု၌ တည်ရှိပြီး လူသူအရောက်အပေါက် ရှားပါးကာ အနီးအနား၌လည်း မီးတောင်သေ၏ အရှိန်ကြောင့် သစ်ပင်ဝါးပင်တို့က မပေါက်ရောက်ဘဲ ထီးထီးကြီး တသီးတသန့် ရှိနေလေသည်။ ​ဘေးပတ်ပတ်လည်ရှိ မြေကြီးများက ပက်ကြားအက်နေသည်ကို ကြည့်ချင်းဖြင့် ထိုမီးတောင်ဟောင်းထဲတွင် ချော်ရည်များ ကျန်ရှိနေသည်ကို သိနိုင်သော်ငြား ဘေးမဖြစ်ခဲ့သည်မှာ သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သကဲ့သို့ ပတ်ဝန်းကျင်၌လည်း သက်ရှိများ နည်းပါးလေသဖြင့် မည်သူ့ကမျှ သိပ်ပြီး ဂရုမစိုက်ခဲ့ကြတော့ပေ။

ယနေ့တွင်တော့ ထိုအရပ်ဆီသို့ လူပျိုပေါက်အရွယ်သို့ ရောက်သည်ဟုပင် ပြော၍ မရနိုင်သေးသော ကောင်လေးတစ်ယောက်က ရောက်ရှိလာသည်။ အနှီကောင်လေးက လက်ထဲတွင် ဖန်သားကဲ့သို့ ကြည်လင်သော ဓားကို ကိုင်ဆွဲလျက် ယုံကြည်ချက်အပြည့်ဖြင့် တိတ်ဆိတ်ခြောက်ကပ်နေသော မီးဂဠုန်ဂူအတွင်းဆီသို့ အတွန့်အဆုတ်မရှိ ဝင်ရောက်သွားခဲ့၏။

ရန်သူမျိုးနွယ်၏ ကိုယ်နံ့အား နီးကပ်စွာ ရလေလျှင် ဤလောက၌ ကျန်ရစ်ခဲ့ကြသည့် နောက်ဆုံးမျိုးဆက်များဖြစ်သော ဂဠုန်ညီနောင်သုံးကောင်မှာ တိုက်ခိုက်ရန် အသင့်ပြင်ထားလေ၏။ သို့သော် ဝင်ရောက်လာသည်က နဂါးပေါက်စလေး ဖြစ်နေလေလျှင် အထင်မကြီးစွာဖြင့် ရယ်မောမိကြတော့သည်။

"နဂါးအနံ့ ရတယ် ထင်နေတာ။ နို့မပြတ်လောက်သေးတဲ့ နဂါးပေါက်လေးပါလား။ မင်းကများ ရာရာစစ ကျူးကျော်ရဲသေးတယ်"

"နဂါးပေါက်လေးလည်း ညှာတာနေမှာ မဟုတ်ဘူး။ ခြေကျူးခြေဖြတ်၊ လက်ကျူးလက်ဖြတ်ပစ်ရမှာပဲ။ ငါတို့ကို သုံးလောကမှာ လူဝင်မဆန့်အောင် လုပ်ထားခဲ့တဲ့ နဂါးတွေကို လက်စားချေရမယ်"

ထိုသူတို့အား ဂရုမစိုက်စွာဖြင့်ပင် ဖေးယွီက ခပ်အေးအေး ပြောလိုက်၏။

"ကျုပ်က ကောင်းကင်နဂါးမျိုးနွယ်က ချန်ဖေးယွီပဲ။ နဂါးကြေးခွံကြာပွတ်ကို ကျုပ်ရဲ့လက်ကို အပ်မယ်ဆိုရင် မင်းတို့ သုံးယောက်ကို အသက်ချမ်းသာပေးမယ်"

Yearning For Myriad Cherry [Completed]Where stories live. Discover now