Chapter (4)

125 20 0
                                    

အပိုင်း (4)

နတ်လက်နက်အား လက်ဝယ်ရရှိပြီးသည့် အချိန်မှစ၍ ဖေးယွီက ကျင့်ကြံရေးနှင့် ကိုယ်ခံပညာရပ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူခဲ့၏။ သူသည် ယွင်ရှီးအား ကာကွယ်ပေးနိုင်သည့် သူတစ်ယောက် ဖြစ်ချင်သည်။ အရိပ်တကြည့်ကြည့် မြတ်နိုးရပါသည့် အကြင်သူအတွက် အားကိုးရသော သူတစ်ယောက် ဖြစ်ချင်သည်။

အချိန်များက တရွေ့ရွေ့တိုက်စားကာ သွား၏။

ကောင်းကင်မင်းကြီး၏ တူတော်ဖြစ်သော နတ်ဘုရားငယ် ယွင်ရှီးက ကောင်းကင်နန်းတော်ထဲတွင် ညီလာခံ ရှိချိန်မှတစ်ပါး နေထိုင်ခြင်း မပြုဘဲ ချယ်ရီပန်းတောင်ကြား၌သာ နေလေ့ရှိသည်။ သို့သော် ကောင်းကင်တိုင်းပြည်၏ အရေးပါသော အခိုက်အတန့်များတွင်ကား ယွင်ရှီးသည်လည်း မချန် တက်ရောက်ရလေ၏။

ယနေ့သည်လည်း ကောင်းကင်တိုင်းပြည်တွင် နှစ်ပေါင်း ၄ ထောင်မျှလျှင် တစ်ကြိမ် ကျင်းပတတတ်သည့် နတ်သဘင်စုံညီပွဲဆီသို့ ကောင်းကင်မင်းကြီး၏ ဆင့်ခေါ်မှုကြောင့် တက်ရောက်လာခဲ့ရပြန်သည်။ ထုံးစံအတိုင်းပင် နှစ်ပေါင်း ၆ ထောင်ခန့် သက်တမ်းရှိနေပြီ ဖြစ်သော ဖေးယွီကို သူနှင့်အတူ ခေါ်ယူလာခဲ့လေ၏။

အားဖေးက ယခုဆိုလျှင် သူ၏အရပ်ကို မှီလုနီးပါး ရှိနေပြီဖြစ်ကာ မန္တန်၊ အစီအရင်များကိုလည်း ဆောင်ရွက်နေနိုင်ပြီ ဖြစ်သည်။ တောက်မည့်မီးခဲ တရဲရဲ ဆိုသလို ဖေးယွီက သင်ယူတက်မြောက်လွယ်သည့်အပြင် မူလခန္ဓာကိုယ်တည်ဆောက်ပုံကပင် အသက်အရွယ်နှင့် မလိုက်သော အဆင့်မြင့်ကျင့်ကြံရေးတို့ကို ဆောင်ရွက်နိုင်သည်အထိ ကြံ့ခိုင်သည်။ ဇွဲ၊လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားသလို ဉာဏ်ကောင်း၍ ထက်မြက်လွန်းသော ဤကလေးက ကောင်းကင်မင်းကြီး၏ အလေးပေးခြင်းကို ခံရပြီး နောင်အနာဂတ်တွင် သေချာပေါက်ထွန်းတောက်လာမည့် နတ်ဘုရားအလောင်းအလျာလေးလည်း ဖြစ်သည်။

သို့သော် တစ်ခုရှိသည်မှာ အားဖေးသည် ပိုင်ဆိုင်လိုစိတ် ကြီးမားကာ မာနသည်လည်း ကြီးလွန်း၏။ ယွင်ရှီးမှ လွဲလျှင် ကောင်းကင်မင်းကြီးသော်မှ သူ့အား ဖြောင်းဖျ၍ မရတတ်ချေ။ သူလိုချင်စိတ်ရှိသည်နှင့် ကောင်းကင်ဘုံက တားမြစ်ထားသည်ဖြစ်စေ စည်းမျဥ်းစည်းကမ်းများကို ဂရုမစိုက်တော့။

Yearning For Myriad Cherry [Completed]Where stories live. Discover now