Chapter (19)

145 18 2
                                    

(Unicode)

အပိုင်း (19)

ကောင်းကင်ဘုံတွင် တစ်စုံတစ်ခုက အမှားအယွင်း ရှိနေသည့်ဟန် ပေါ်၏။ မိုးကြီးများကျ၍ လေပြင်းတိုက်ခတ်ကာ မိုးကြိုးသံများ ကြားရသည်မှာ ၆ လပင် တိုင်ခဲ့ချေပြီ။ တစ်ရက်ကလေးမှ ရပ်တန့်သွားခြင်း မရှိသလို ကောင်းကင်မင်းကြီး၏ ဆင့်ခေါ်မှုအောက်၌ မိုးနတ်မင်း၊ လေနတ်မင်းနှင့် မိုးကြိုးနတ်မင်းများသည်လည်း အဖြေမဖော်နိုင် ရှိနေသည်။

"အရှင်.. မိုးကြိုးသွားတွေက ကံကြမ္မာချောက်ဝှမ်းထဲကိုပဲ ဦးတည်နေခဲ့တာပါ"

မိုးကြိုးနတ်မင်း၏ လျှောက်တင်မှုကြောင့်ကောင်းကင်မင်းကြီးက မျက်မှောင်ကြုတ်လိုက်မိ၏။ ကံကြမ္မာချောက်ဝှမ်းသည် ကောင်းကင်ဘုံ၏ အနက်ရှိုင်းဆုံး ချောက်ဝှမ်းဖြစ်ပြီး လောကအား ဖန်တီးစဥ်ကပင် တည်ရှိခဲ့သော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ဤနေရာကို စောင့်ကြပ်နေသည်က အရှင်စစ်ရန်ထက်ပင် ပို၍ ရှေးကျလှသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပြီး ကောင်းကင်မင်းကြီးသော်မှ ထိုချောက်ဝှမ်းအား အာဏာမသက်ရောက်ပါချေ။

ဤကိစ္စနှင့် ပတ်သတ်၍ အရှင်သခင် စစ်ရန်ထံ အကူအညီတောင်းရန် ကျောက်စိမ်းတောင်တော်ဆီသို့ စာလွှားပါးလိုက်သော်ငြား အရှင်စစ်ရန်က ဂူပိတ်ကျင့်ကြံနေသည့် ကာလဖြင့် တိုက်ဆိုင်နေသဖြင့် မည်သို့မှ မတတ်နိုင်ရှိချေသည်။

"အရှင်မင်းကြီး.. ကောင်းကင်အိမ်ရှေ့စံမင်းသမီး ဟွမ်ကျူးနဲ့ စစ်နတ်ဘုရား လိန်ဝမ်က တွေ့ခွင့်ပေးဖို့ လျှောက်တင်လာပါတယ်"

"ဝင်ခိုင်းလိုက်"

နီမြန်းလှသော ဝတ်ရုံကို ဆင်မြန်းထားသည့် မင်းသမီးဟွမ်ကျူးသည်ကား လိန်ဝမ်၏ လက်အားတွဲလျက်။ လိန်ဝမ်သည် ယခင်က ဟွမ်ကျူးမင်းသမီး၏ ကိုယ်ရံတော် ဖြစ်ခဲ့ဖူးလေပြီး မင်းသမီးအပေါ်၌ တစ်ဖက်သတ် မေတ္တာသက်ဝင်နေခဲ့လေသူ ဖြစ်သည်။ သို့သော် ဟွမ်ကျူးက ထိုသူ့အား ဘယ်တုံးကမှ မျက်နှာသာ မပေးခဲ့ပေ။ ယနေ့တွင်တော့ ထူးဆန်းလှစွာ လက်ချင်းတွဲလျက် ကောင်းကင်မင်းကြီးထံသို့ အခစားဝင်လာသည်။

Yearning For Myriad Cherry [Completed]Où les histoires vivent. Découvrez maintenant