Chapter (5)

125 20 0
                                    

(Unicode)

အပိုင်း (5)

ညနက်မှောင်မှောင်တို့ကြားတွင် မီးပုံးနီများဖြင့် ထိန်ထိန်ညီးအောင် တောက်ပနေသည့် အဆောင်တစ်ခု။ တောတွင်းတစ်နေရာ၌ တည်ရှိပါသော်ငြား တိတ်ဆိတ်မှောင်မိုက်နေပါသော ပတ်ဝန်းကျင်နှင့် မသက်ဆိုင်စွာ ဆည်းလည်းသံကဲ့သို့ ရယ်မောသံလေးများက ထိုအဆောင်ကြီးဆီမှ လွင့်ပျံလျက်ရှိလေသည်။

"သခင်လေးကလည်းကွာ.. ခစ်ခစ်"

မိန်းမပျိုလေးတစ်ယောက်သည်ကား အမျိုးသားတစ်ယောက်၏ ပေါင်ပေါ်တွင် ထိုင်လျက် ကလူဤသို့ မြူဤသို့။

"လာလေ.. ကျွန်မကို မိအောင်ဖမ်း"

မျက်ဝန်းအစုံကို ဖုံးအုပ်ထားပါသည့် အမျိုးသားအား လိုက်၍ အာသာငမ်းငမ်း ဖမ်းစေခြင်းက တစ်ဖုံ။

"အ.. ဟင့်"

တစ်ချို့ယောကျာ်းများသည်ကား အမျိုးသမီးတို့ကို ဖိနှိပ်လျက်။

နုပျိုလှပသော ဤမိန်းမငယ်လေးများမှာ ပါးလွှာသော ဝတ်ရုံစများကို ဆင်ယင်ထားသည်မှာ အတွင်းသားတို့ကိုပင် ထိုးဖောက်မြင်ရလောက်သည်အထိ။ ပါးနီများဖြင့် ဖီးလိမ်းခြယ်သထား၍ ညအလင်းရောင်အောက်တွင် ဆွဲဆောင်မှုရှိရှိ လှပနေကြသော ထိုမိန်းကလေးများသည် တောအတွင်းသို့ ဖြတ်သန်းလာကြသော ကုန်သည်များ၊ ရဲမက်များအား ဖျားယောင်း၍ အသက်ဝိညာဥ်ဓါတ်များကို စုပ်ယူစားသုံးကြသော မိစ္ဆာများပင် ဖြစ်လေ၏။

"ဝုန်း"

တံခါးအား တွန်းဖွင့်လိုက်သံနှင့်အတူ အထဲရှိအရာအားလုံးက ထိတ်လန့်သွားရကာ ရုတ်ချည်း တိတ်ဆိတ်သွားရသည်။ မီးပုံနီခန်းဆောင်ထဲသို့ ဝင်ရောက်လာသည်ကား ချောမောလှသည့် လူငယ်လေးတစ်ဦး။

မိန်းမပျိုတစ်ဦးက သူ့ဆီသို့ ကနွဲ့ကလျဖြင့် လျှောက်လှမ်းလာ၏။ နှုတ်ခမ်းတို့သည်က ဆွဲဆောင်မှုရှိရှိ ပြုံးရယ်လျက် ချွဲ့နွဲ့စွာပြောလာ၏။

"အိုင်းယား.. သခင်လေးရယ်.. ဖြည်းဖြည်းလုပ်မှပေါ့.. သခင်လေးက ကြမ်းတာ ကြိုက်တာလား.. အဟင်း"

"ခစ် ခစ် ခစ်"

ထိုအမျိုးသမီးက ပြောတော့ ကျန်သော မိန်းမငယ်များကပါ ဝိုင်းဝန်းရယ်မောကြလေ၏။ လူငယ်လေးသည်ကား ရှက်သွားဟန်မရှိ။ နှုတ်ခမ်းတစ်ချက် မဲ့ရုံမျှသာ။ လှပလွန်းသော နတ်သမီးများကိုပင် လစ်လျူရှုနိုင်ပါသည့် သူသည် ထိုမိစ္ဆာမများအား မျက်ဝန်းထဲပင် မထည့်ပါချေ။ ထို့ပြင် သူ၏ နတ်မျက်ဝန်းများအရ ဤမိစ္ဆာတို့၏ သွင်ပြင်အစစ်ကို မြင်တွေ့နေခဲ့ပြီး ဖြစ်လေသည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now