(Unicode)
အပိုင်း (11)
"အ..."
ယွင်ရှီး ရင်ဘတ်ကို လက်ဖြင့်ဖိရင်း ခပ်တိုးတိုး ညည်းညူမိသည်။ အိပ်ပျော်နေစဉ် ရင်ဘတ်အတွင်းမှ အောင့်မျက်စွာ နာကျင်လာမှုကြောင့် လန့်နိုးလာခြင်းသာ။ သူ အလျင်အမြန် ထိုင်လိုက်ပြီး အတွင်းအားကို ညီမျှစေလိုက်သည်။ သို့သော် နာကျင်မှုက လျော့မသွားသည့်အပြင် ပို၍ပင် တိုးလာ၏။
လက်ကောက်ဝတ်ကို သွေးခုန်နှုန်း စမ်းကြည့်သော်လည်း အမှားအယွင်း တစ်စုံတစ်ရာ ရှိမနေပေ။
"အား.."
ယွင်ရှီး ခန္ဓာကိုယ်မှ သိဒ္ဓိစွမ်းအင်တို့က တဖြည်းဖြည်း ယုတ်လျော့လာသည်ကို ခံစားမိသည်။ ရုတ်တရက် သူ တစ်စုံတစ်ရာကို သတိရလိုက်မိ၏။
အားဖေး။
ထိုကလေး တစ်ခုခုဖြစ်နေပြီ။
သူ့ကို ပေးထားသည့် ယွင်ရှီး၏ နတ်အမြုတေတစ်ဝက်က တစ်ခုခုဖြစ်၍သာ ယခုကဲ့သို့ ယွင်ရှီးဆီက နတ်အမြုတေကို လာပြီး ထိခိုက်ခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် ဤမျှ အတိုင်းအတာအထိ နာကျင်စရာ အကြောင်း မရှိပေ။ ယွင်ရှီးအနည်းငယ် ကျန်ရှိနေသော အားအင်ဖြင့် အပြင်ကို အသံပြုလိုက်၏။
ကံကောင်းသည်က သူ လရောင်နန်းတော်ကိုရောက်နေသည်မှာ ခုနစ်ရက် ရှိပြီ။ ချယ်ရီပန်းတောင်ကြားကဲ့သို့ တစ်ယောက်တည်း မဟုတ်ဘဲ တစ်ခုခုဖြစ်လျှင် ကူညီပေးမည့် နတ်သူငယ် အစေခံလေးတွေ ရှိကြ၏။
"အပြင်မှာ.. ဘယ်သူရှိလဲ.."
"ခွမ်း!"
ယွင်ရှီး သလွန်ခေါင်းရင်းကို မှီနေရင်းက လက်လှမ်းလိုက်ရာတွင် ဘေးရှိ စားပွဲပေါ်မှရေနွေးခွက်ကို တိုက်မိသွားကာ ထိုအရာက ကျကွဲသွားလေသည်။ ယွင်ရှီး စိတ်ထဲတွင် မည်သို့မျှ နေလို့ မကောင်းတော့ချေ။
"အရှင်နတ်မင်း တစ်ခုခု ဖြစ်လို့ပါလား"
အပြင်မှ အစေခံ နတ်သမီးငယ်၏ အသံက နားထဲသို့ ခပ်တိုးတိုး ဝင်လာသည်။ သို့သော် သူ ပြန်ဖြေရန် မစွမ်းသာတော့။ ဝတ်ရုံကော်လံစကိုသာ အတင်းဆွဲဆုပ်ထားမိရင်း အသက်ကို ကြိုးစား၍ ရှူနေရသည်။ နှလုံးသားတစ်ခုလုံးသည် တင်းကြပ်ကာ အောင့်မျက်နေပြီး အသက်ရှူဖို့ရန်ပင် ခက်ခဲနေခဲ့သည်။
ESTÁS LEYENDO
Yearning For Myriad Cherry [Completed]
FanficThis Work is Feiyunxi fanfiction. Names, places and Background places are just imagination. Collaboration with @Ryeo_27 . . . . . The picture used for the work is from pinterest. I give full credit to original owner.