အခန်း(၁၃)

22 3 0
                                    

ရင်နာစရာသင်ခန်းစာ

အချိန်တွေ ကုန်တာမြန်လွန်းသည်ဟု စိုးနိုင်ထင်မိသည်။ သူရတနာစိမ်းကုမ္ပဏီကိုရောက်တာ ၃ လ ပင် ပြည့်ပြီး ဖြစ်သည်။ ဆီစာရင်းစစ်ဆိုသည့်နေရာမှာသာရှိနေပြီး တကယ်တော့ ထိုအလုပ်သည် position တစ်ခုအတွက်သာ ခန့်ထားပြီး အလုပ်ဟုပင် ပြောလို့မရအောင်ပင် သက်သာလှသည်။ ထိုအခါ စိုးနိုင်သည် အလုပ်အပေါ်တွင်တာဝန်မကျေဘူးဟု အမြဲခံစားရတတ်ပြီး ကုမ္ပဏီပိုက်ဆံကိုပင် အလကားယူနေရသည်ဟု မြင်လာသည်။ ထို့ကြောင့် မဲဆီထိုး ဆီဖြည့်သော မိုးထွေးအလုပ်ကိုလည်း မျှယူခဲ့သည်။ ဝပ်ရှော့အဖွဲ့ထဲလည်း ပါဝင်ကူညီခဲ့သည်။ ဒါတွေကိုတော့ ဦးရှမ်းက မကြိုက်ပါ။ ကိုယ့်အလုပ်မရှိလျှင် သက်သာစွာ နေစေလိုသည်။

သို့သော် မနက်ခင်းတိုင်း ကားတွေအားလုံးကို ဟိုက်ဒြောလစ်၊ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ လေ၊ ရေ တို့ စစ်ဆေးသည့် ဝတ္တရားကတော့ တစ်ရက်ကလေးမျှမလစ်လပ်ခဲ့။ မနင်ခင်းတိုင်း နှင်းတွေဖုံးကွယ်နေသော ကားမှန်တွေကို ရေပက်ထားလျှင်တော့ ဦးရှမ်းက ဂုဏ်ပြုသည့်သဘောဖြင့် နားထင်နားဆီက ဆံပင်လေးများကို လာလာပွတ်သပ်ပေးပြီး ‘တော်တယ်”ဟုပြောတတ်သည်။ သည်အပြုအမူလေးတွေရလာတိုင်း စိုးနိုင် ပီတိတွေ ဖြစ်နေတော့တာပါပဲ။

စိုးနိုင်သည် မိုးထွေးနှင့်အတူ ဘက်ဘိုးတစ်စီးကို နေရာအနှံ့ မဲဆီထိုးရင်း အတိတ်ကအရာတွေကို ပြန်တွေးကြည့်နေပါသည်။ တွေးရင် အခိခိရယ်သောအခါ မိုးထွေးကလည်း ဘာရယ်မသိ လိုက်ရယ်တတ်သည်။

“ကိုစိုးနိုင်မှာ ကောင်မလေးရှိသလား”

“မရှိဘူး၊ ထားလည်း မထားချင်ဘူး”

စိုးနိုင်က မိုးထွေးအမေးကို ပိတ်ဖြေလိုက်သည်။ မနက်အစောကမှ မိုးထွေးသိပ်ထည့်ထားသော မဲဆီပုံးကြီးသည် လေးလွန်းလှ၏။ လက်မှာပေကျံနေသောမဲဆီတို့သည်လည်း လွယ်လွယ်မပြောင်လေတော့ စိုးနိုင်လို တပြင်ပြင် တသသ နေသောသူအတွက် ထိုအလုပ်သည် အံဝင်ခွင်ကျ မဖြစ်ပေ။

“ဘာလို့ရည်းစားမထားထာလဲ အစ်ကိုရ၊ ကျွန်တော်သာ အစ်ကို့လိုရုပ်ချောပြီး ကျောင်းပြီးပြီးသား လူဆိုရင် ပွေလိုက်မယ့်အမျိုးထဲကပဲ၊ အစ်ကိုက ပျိုတိုင်းကြိုက်တဲ့ သဇင်ပန်းရုံကြီးပဲဟာ”

ဘဝတစ်ကွေ့မှာ...Where stories live. Discover now