အခန်း(၂၃)

18 3 0
                                    

သူ့ကြောင့်ဖြစ်သော ပြဿနာ

စိုးနိုင်တို့နေသောနေရာရဲ့အရှေ့ဘက်ဆီမှ သေနတ်ပစ်သံများ အဆက်မပြတ်ကြားလာရသည်။ သည်နေ့ပါဆို (ညစဉ်) ၅ ရက်လောက် ရှိဖြစ်၍ မလန်းလုပ်ကွက်က ဦးစိုးကြီးက စိုးနိုင်တို့ဆီကို အစောင့် အ‌ေဖာ်အဖြစ် လာအိပ်ပေးခဲ့သည်။ ဦးစိုးကြီးသည် အရက်ကို အလွန်အကျွံသောက်တတ်ပြီး မူးလာလျှင် သွေးဆိုးတတ်၏။ မလန်းလုပ်ကွက်က အလုပ်သမားတွေနဲ့ တည့်သူမရှိပါ။

ယနေ့အချိန်မှာတော့ စိုးနိုင်တို့ဆီ အဖော်အဖြစ် လာအိပ်ပေးဖော်ရ၍ ကျေးဇူးတော့ တင်မိသည်။ စိုးနိုင်တို့သည် ညရောက်လေတိုင်း အိပ်ကောင်းခြင်း မအိပ်ရဘဲ သေနတ်ပစ်သံကြားလေးတိုင်း ရင်တမမနှင့် ပုန်းစရာခိုစရာ ရှာကြရသည်။

“စစ်ပွဲတွေများ ဖြစ်နေသလား မသိပါဘူးကွာ”

ဦးရှမ်းက ခပ်ညည်းညည်းပြောသည်။ သေနတ်သံကို ရိုးနေပါပြီဆိုသော ဦးဝင်းဌေးနှင့် မိုးထွေးလည်း သည်အဆက်မပြတ် ပစ်နေတဲ့ သေနတ်သံတွေကြားရလာတော့ မနေနိုင်တော့ဘဲ ဘက်ဘိုးဘီးတွေရဲ့ ခြေမှာ ဝင်ကာ ဝပ်ရတော့သည်။ ဦးအောင်ကတော့ မြေစာတင်သော ခေါင်းတစ်ခြမ်းကားကြီးရဲ့ ဘီးကြားထဲ ဝင်ပုန်းလေသည်။

“ကိုအောင်၊ အဲမှာမဝင်နဲ့လေဗျာ၊ တာယာကိုမှန်ပြီးပွင့်ထွက်သွားမှ ကျည်မှန်တာထက် ဆိုးမယ်”

ဦးရှမ်းက တဲရဲ့နောက်ဘေးက အမှောင်ထဲမှနေ၍ ဦးအောင်ကို လှမ်းပြောရသည်။ တဲတစ်ခုလုံ မီးတွေပိတ်ထားတာဖြစ်၍ မှောင်နေသည်။ ဦးစိုးကြီးက အင်ဂျင်ဝိုင်ပီပါတွေနားပုန်းနေရာမှ ဒီဇယ်ကန်ရှိသော ကုန်းမြင့်လေးပေါ်သို့ တက်သွားသည်။ ဒီဇယ်ကန်ကိုသာမှန်ပြီး ပွင့်ထွက်သွားလျှင်……။

ဦးရှမ်းသည် စိုးနိုင်နားမှ ထ,ကာ “အငယ်လေး သည်မှာပဲနေခဲ့နော်၊ ဘယ်မှမသွားနဲ့”ဟု ပြောခဲ့ပြီး မြေစာပုံရှိရာသို့ ပြေးထွက်သွားလိုက်သည်။ “ဘယ်တုန်း၊ ဘာလုပ်သွားမှာတုန်း”ဟု မေးဖို့ပြင်နေတုန်းမှာ ဦးရှမ်းက အဝေးသို့ ရောက်သွားခဲ့ပြီ။

စိုးနိုင်သည် နေရာမှ တစ်ယောက်ထဲကျန်ခဲ့ပြီး အားငယ်သလို ဖြစ်လာသည်။ သည်လို ပစ်ခတ်နေတဲ့သေနတ်သံတွေကို ရုပ်ရှင်တွေထဲမှာသာစိတ်ဝင်တစားကြည့်ခဲ့ဖူးပြီး အပြင်မှာ ဒါမျိုးဖြစ်လာလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးခဲ့။ မျက်လုံးထဲမှာ ဗမာစစ်သားတွေနဲ့ KIA တွေတစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်နေတာကို မြင်နေမိသည်။ ထိုစစ်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ ဒုက္ခရောက်ကြပုံကို ပြေးမြင်မိသည်။ အတန်ကြာ ပစ်ခတ်ပြီးတော့ သေနတ်သံတွေ လုံးဝ ရပ်စဲသွားသည်။ တဲရဲ့အရှေ့ ဦးဝင်းဌေးရဲ့မီးဖိုမှာ အားလုံး စုမိကြသော်လည်း ဦးရှမ်းက ပေါ်မလာ။

ဘဝတစ်ကွေ့မှာ...Tahanan ng mga kuwento. Tumuklas ngayon