ဝေးကွာဖို့ အစပြုခြင်း
ဦးစိုးကြီးက စိုးနိုင်လည်ပင်းပေါ် ဓားသွားဖြင့် တင်လိုက်သော ပြဿနာသည် စိုးနိုင်နှင့် ဦးရှမ်းကို ဝေးသွားစေနိုင်မည်ဟု ဘယ်သူက ကြိုသိခဲ့မှာလဲ။ သည်လိုဝေးသွားစေမည်မှန်း အစကတည်းက သိခဲ့လျှင် စိုးနိုင် ဘာကြောင့် လုပ်ခဲ့မိမှာလဲ။
ထိုကိစ္စဖြစ်ပြီးတဲ့ည နောက်နေ့မှာပဲ သည်ပြဿနာက မလန်းလုပ်ကွက်ထဲကို ဆန်ကွဲကျဲသလို ပြန့် သွားခဲ့သည်။ သည်လိုပြန့်သွားခဲ့သည်ဆိုတာလည်း စိုးနိုင်ကို ကားသမား ကိုစံနီက ပြောပြခဲ့ခြင်းဖြစ်သည်။ နောက်ဆက်တွဲပြဿနာကိုတော့ ကိုစံနီက မပြောဘဲ ထိန်ချန်ထားခဲ့သည်။ ထို့ကြောင့်လည်း စိုးနိုင်နှင့် ဦးရှမ်းသည် ပုံမှန်အတိုင်း ရှိနေခဲ့သေးသည်။
“ဦးရှမ်း မနေ့ညက ဘယ်ပျောက်သွားတာလဲ၊ ဦးရှမ်းပျောက်သွားတော့ သည်မှာဘာတွေဖြစ်နေခဲ့တယ် ဆိုတာ သိရဲ့လား”
“မနေ့ညက ဘယ်နားမှာ တိုက်ပွဲဖြစ်နေတာလဲ သိချင်လို့ မြေစာပုံအမြင့်ပေါ်တက်ကြည့်တာ၊ နောက်တော့ နီးတယ်ထင်တာနဲ့ နန်းဟွေမိုးတို့သားမိကို စိတ်မချလို့ ပြန်သွားတာ”
“ထင်တော့ ထင်ပါတယ်၊ ပြန်ရင်လည်း ပြောသွားတာ မဟုတ်ဘူး”
“ဘယ်ပြောချိန်ရှိမလဲ၊ ငါတောင်ခြံစည်းရိုး ကျော်ခွပြန်ရတာ၊ ကဲပြောပါ့ဦး၊ မနေ့ညက ဘာတွေဖြစ်လဲ”
စိုးနိုင်က ဦးရှမ်းပျောက်သွားသည်မှစ,ကာ ဦးရှမ်းအပေါ် ဦးစိုးကြီးရဲ့ စွတ်စွဲချက်တွေကို စိုးနိုင်က မခံနိုင် ၍ ဖြစ်ခဲ့သော ပြဿနာအားလုံးကို ပြောပြလိုက်သည်။ ထိုအရာကို ကြားလျှင်ကြားချင်း ဦးရှမ်းသည် ဒေါသများ တဟုန်းဟုန်းထ,လာကာ ဦးစိုးကြီးကို အခုသွားရှင်းမယ် ဘာညာ ဖြစ်လာလေသည်။ စိုးနိုင်လည်း ယခုမလုပ်ဖို့ရန်နှင့် ရှင်းချင်လျှင် နောက်မှ ရှင်းပါဟု တားထားရသည်။
“မင်း ငါ့ကို အဲလောက်တောင် ချစ်ရသလား၊ ငါ့ကိစ္စကို ခေါင်းခံရလောက်အောင်ထိ ငါက မင်းအတွက် အရေးပါသလား.. အငယ်လေး… ဟင်”
ဦးရှမ်းက စိတ်မကောင်းသလိုကြည့်၍ စိုးနိုင်လက်လေးတွေကို ဆုပ်ကိုင်လာရင်းပြောသည်။ သူကလည်း စိုးနိုင်ကို သိပ်ချစ်တဲ့အကြောင်း စီကာပတ်ကုံးပြောလေသည်။
VOCÊ ESTÁ LENDO
ဘဝတစ်ကွေ့မှာ...
Açãoကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။