သူ့သဘော သူ့ဆန္ဒ
“ဦးရှမ်းက ဗမာလား”
စိုးနိုင်ရဲ့အမေးကြောင့် ဦးရှမ်းက တဟားဟားရယ်လေသည်။ ဦးရှမ်းမှမဟုတ်၊ ဘေးက ဦးအောင်နှင့် ဝပ်ရှော့ဆရာ ကိုအေးကို၊ကားသမား ကိုစံနီတို့ကပါ ရယ်ကြသည်။
“မင်းဘ…၊ ဦးရှမ်းခေါ်ပြီး ဗမာလားမေးတော့ ငါက ဘယ်လိုဖြေရမှာလဲ၊ ရှမ်း..ရှမ်း သိပြီလား၊ ငါ့ဇာတိ က ရှမ်းပြည်နယ် နောင်ချိုက”
“ကျွန်တော်သိချင်တာကလည်း အဲဒါပဲ၊ ဦးရှမ်းက ဇာတိက ဗမာဖြစ်ပြီး မိန်းမရမှ ရှမ်းဖြစ်သွားသလား လို့၊ ပြောရရင် ဒေါ်နန်းဟွေမိုးနောက်လိုက်ပြီး ရှမ်းဖြစ်သွားတယ်ထင်တာ”
“နောင်ချိုက၊ ရှမ်းပြည်မကြီးထဲမှာတော့ မဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတံတား သိတယ်ဟုတ်”
“ဂုတ်ထိပ်တံတား”
“အေး.. အဲတံတားနားက ရွာကပဲ၊ ငါ့ရွာက နမ်းညိုမွန်လို့ ခေါ်တယ်”
ဦးအောင်က အောင်ပန်းကနော်၊ နေပါ့ဦး၊ ဦးရှမ်းကျ ရှမ်းစကားတတ်ပြီး ဦးအောင်က ဘာလို့ ရှမ်းစကား မတတ်လဲ ပြောတာလဲ မကြားဘူး”
“မတတ်ဘူး ဘယ်သူပြောလဲ၊ ရှမ်းစကားကို သူတစ်ယောက်ထဲ ပြောနေရမှာလား”
စိုးနိုင်က ကြော်နေသော ပဲပြုတ်ကြော်ကို ပန်းကန်းထဲ ခူးထည့်လိုက်သည်။ ထောပတ်ပဲပြုတ်နှင့် ကြက်သွန်နီကို ဆီနိုင်နိုင်ဖြင့် ကြော်ထားသည်က ဦးရှမ်းရဲ့အကြိုက်ပါပဲ။ ဦးရှမ်းက သူကိုယ်တိုင် ကြော်လျှင် အချိုမှုန့်တွေ အများကြီး သုံးတတ်သည်။ ဟုတ်သည် မဟုတ်သည်တော့မသိ။ ကြက်သွန်စားလျှင် အချိုမှုန့်အန္တရာယ်မဖြစ်ဘူးဟု ဦးရှမ်းက ပြောတတ်လေသည်။
ပြုတ်ပြီးသား ပဲစေ့ကို ထပ်မံကြော်စားရသည်မှာလည်း စိုးနိုင်တို့လို မြေစာပုံကလူတွေသာရသော အခွင့်အရေးတစ်ခုပင်။ မနက်စာ ထမင်းကြမ်းစားတော့ ဦးရှမ်းနှင့်နှစ်ယောက်ထဲသာစားရသည်။ ဦးအောင်က စကားပြောစက်တစ်လုံးဖြင့် အလုပ်ရှုပ်နေပြီး ကျန်လူများကလည်းကိုယ့်အလုပ်ရှိရာနေရာသို့ ရောက်ကုန်ကြ လေပြီ။ ဦးဝင်းဌေးက ညစောင့်ဆိုတော့ နေ့ဘက် အိပ်နေပြီး မိုးထွေးကတော့ မီးဖိုဘေးမှာ ရှင်ပြီးသားမီးကို မမှုတ်ဘဲ ဒီဇယ်တွေ လောင်းပြီး မီးတောက်အောင် လုပ်နေသည်။
VOCÊ ESTÁ LENDO
ဘဝတစ်ကွေ့မှာ...
Açãoကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။