အခန်း(၁၄)

27 3 0
                                    

လောပန်းလောင်းဆိုသော ဘဝတွေ

ကုမ္ပဏီမှာဖြစ်သော အဖြစ်အပျက်တို့က များလွန်းလှသည်။ ဝမ်းနည်းစရာ၊ ရင်နာစရာတွေရှိသလို ပျော်စရာ ကြည်နူးစရာတွေလည်းရှိခဲ့သည်။

ကိုအေးကိုကတော့ ခါးရိုးရိုးကျိုးသွားသည်ဆို၏။ ကုမ္ပဏီက ဆေးရုံစာရိတ်အပြင် နစ်နာကြေးသဘောဖြင့် ငွေသိန်း ၅၀ လည်း ပေးလိုက်သည် ဆို၏။

လူအမျိုးမျိုး စိတ်အထွေထွေနှင့် စရိုက်စုံ၊ အကျင့်စုံတို့နဲ့လည်း ကိုက်ညီအောင်ပေါင်းရသင်းရသည်။ ဤသို့မဟုတ်လျှင်အချင်းချင်း သတ်ကြ ပုတ်ကြ ဆူကြ ဆဲကြတာတွေလည်း နေ့စဉ်နှင့်အမျှရှိပါသည်။ ဖဲဝိုင်းက ပြဿနာ၊ ကျောက်ရှာရင်း ကျောက်ကို သူတွေ့တယ် ငါတွေ့တယ်ပြဿနာ၊ ရှိုးဝါးဖိနပ်တွေချည်းဆိုတော့ ဖိနပ်ပြဿနာ၊ မူးရင်းရူးရင်းဆဲကြတာမှ မခံနိုင်လို့ ဖြစ်တဲ့ ပြဿနာတွေ အမျိုးမျိုးရှိတတ်သည်။

ပဟေဠိတွေလည်း များလှပြီး ပရိယာယ်တွေ၊ မာယာတွေ၊ လျှို့ဝှက်ချက်တွေ၊ အမျိုးမျိုးသော ဗျူဟာ တွေ၊ လှည့်ကွက် မြှုပ်ကွက်တွေကလည်း ရှုပ်ယှက်ခပ်လွန်းလှလေသည်။

စိုးနိုင်သည် နေ့လယ်အလုပ်နားချိန်၌ အိပ်ရာထက်တွင် လှဲပြီး ဖားကန့်ကို စ,ရောက်သည့်နေ့မှာစ,ကာ ဖြစ်ခဲ့သမျှကို ပြန်လည်မြင်ယောင်ကြည့်နေမိသည်။ ထို့နောက် စစ်ပွဲတွေဆီ စိတ်က ရောက်သွားပြန်သည်။ ဗမာစစ်သားတွေကို အမြဲတမ်း မကောင်းမြင်နေတတ်သော ဦးရှမ်းကိုလည်း နားမလည်။

“ကျွန်တော်တို့ သည်စစ်သားတွေ ရှိနေလို့ အေးအေးချမ်းချမ်းနေနေရတာပဲ၊ တိုင်းပြည်အတွက် သက်စွန့်ကြိုးစား လုပ်နေကြတဲ့ စစ်သားတွေကို အဲလိုတော့ မပြောပါနဲ့ဗျာ”

“ဘယ်သူတွေက ဘာအန္တရာယ်ပေးနေလို့ သူ့တို့က ဘာတွေကာကွယ်နေတာလဲ၊ ဘယ်ပြည်ပနိုင်ငံက ဘာအန္တရာယ်တွေပေးနေသလဲ၊ သူတို့ကြောင့်ပဲ မင်းပြောပြောနေတဲ့ စစ်ပြေးရှောင်တွေ ဒုက္ခရောက် နေတာကွ၊ မှတ်ထား ငယ်လေး၊ စစ်တပ်ဆိုတာ ခေတ်အဆက်ဆက် အာဏာသိမ်းလာကြ တာချည်းပဲ”

ဘဝတစ်ကွေ့မှာ...Where stories live. Discover now