သူ့ဘဝအစ, အတိတ်သို့ပြန်လွမ်းခြင်း
အဲသည်နောက်ပိုင်းမှာတော့ ထိုဥရုချောင်းတစ်ဖက်ကမ်းသို့ မသွားဖြစ်တော့။ မလန်းလုပ်ကွက်နှင့် မြေစာပုံကိုသာ ရေကားဖြင့် ကူးလူးနေရသည်။ စိုးနိုင်လည်း မြေစာပုံမှာသာ ကိုယ့်အလုပ်နှင့်ကိုယ် ခြေငြိမ်နေရ တော့သည်။ ညနေတိုင်လျှင်တော့ ဦးရှမ်းနှင့်အတူ သူ့အိမ်ကိုလိုက်သွားတတ်ပြီး လုပ်စရာရှိတာများကို ကူညီ လုပ်ကိုင်ပေးခဲ့သည်။ ဦးရှမ်းနှင့် ဒေါ်နန်းဟွေမိုးလည်း အရင်လို စကားများတာ မကြားရတော့။ စကားမများဆို နှစ်ယောက်သား မျက်နှာချင်းဆိုင်စကားပြောတာကိုပင် မတွေ့ရတော့ပေ။
ဦးရှမ်းက အိမ်ရောက်လျှင် ကုမ္ပဏီမှပါလာသော ထမင်းနှင့်ဟင်းများကို ကဲလားမှာချိတ်ထားပြီး ရေချိုး လေသည်။ ဦးရှမ်းရေချိုးနေချိန် စိုးနိုင်က သောက်ရေ သုံးရေများဆွဲပေးသည်။ ပြီးလျှင် အိမ်မှ ပြန်လာပြီး ညနေ တိုင်း ထိုင်နေကျဖြစ်သော မနောရာသီစားသောက်ဆိုင်လေးသို့ သွား၏။ ထိုမှပြန်လာလျှင် ဦးဝင်းဌေးမီးဖိုးနားမှာ ရှိရာလူနဲ့ စကားဝိုင်းဖွဲ့ပြောတတ်သည်။ ပြီးမှ စိုးနိုင်နှင့် နှစ်ယောက် အိပ်ရာထဲဝင်ခဲ့ကြပြီး စကားတီးတိုး ပြောကြလေတော့သည်။
“အငယ်လေး.. မင်ရွာပြန်ရင် ငါလည်း အလည်လိုက်ခဲ့မယ်”
“တကယ်ပြောတာလား၊ ကျွန်တော်က တကယ်ခေါ်မလို့ စဉ်းစားထားတာ”
“ငါ အဲသည်မြေပြန်ကို တစ်ခါမှ မရောက်ဖူးသေးဘူး၊ သွားလည်းသွားချင်နေတာ၊ မင်းတို့ဆီက ဘာတွေပေါသလဲ”
“ထန်းပင်တွေပေါတယ်လေ”
စိုးနိုင်က အရယ်တစ်ဝက်ဖြင့် ပြောလိုက်သည်။ ထို့နောက် အိပ်ရာခင်အောက်တွင် မြှုပ်ထားသော ပရုပ်လုံးက စိုးနိုင်ကျောပြင်အောက်ရောက်နေတာမို့ ထ,ပြီး ဖယ်လိုက်ရသေးသည်။
ခေါင်းအုံးထက်က စံပယ်ပန်းရနံ့နှင့် အိပ်ရာခင်းအောက်က ပရုတ်လုံးနံ့တို့ကြောင့် တစ်ခန်းလုံးသင်းပျံ့ နေပြီး စိတ်အာရုံကို လန်းဆန်းစေသည်။ ဦးရှမ်းက “ကဗျာဆန်လိုက်တာကွာ”ဟု ခပ်ထေ့ထေ့ပြောခဲ့သော်လည်း နောက်တော့ ထိုအရာကို သူကိုယ်တိုင် စွဲလန်းလာလေသည်။
YOU ARE READING
ဘဝတစ်ကွေ့မှာ...
Actionကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။