Chapter 16 - 'Toward Him...Mu YunGui Isn't Really Uninterested'

1.3K 174 16
                                    

Unicode

မုယွင်ကွေးမှာ မလှုပ်ရှားပါချေ။

ယွီယန်သည် သူ့ကို ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် ကြည့်လာလေသည်။ ၎င်းတို့နှစ်ဦးသားမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ရှိနေကြလေသည်။ အခန်းမှာ တိတ်ဆိတ်ငြိမ်သက်နေလေပြီး ယွီယန်မှာ သူတို့နှစ်ယောက်၏ စည်းချက်ညီညီခုန်နေသော နှလုံးခုန်သံများကိုပါ အတိုင်းသားကြားနေရလေ၏။

"...မင်း...မင်းမူးနေတာမဟုတ်ဘူးလား" ယွီယန့်၏ အသံမှာ ပြတ်တောင်းပြတ်တောင်းဖြစ်နေလေသည်။ ထိုအမေးစကား၏ အဆုံးသတ်အသံမှာလည်း တုန်ယင်နေလေပြီး ယခင်က သေရည်ကြောင့် ရီဝေဝေဖြစ်နေပါသော သူ၏ စိတ်အစဉ်မှာလည်း ယခုတွင် ဘယ်စီဘယ်ဝယ်ရောက်သွားလေသလဲမသိ ပျက်ပြယ်သွားလေသည်။

သူအခုဘယ်လိုလုပ်ရပါ့။

သူဘယ်လိုတောင်....

မုယွင်ကွေးမှာ တုံ့ပြန်ဖော်မရ။

သူသည် ယွီယန့်ကို သူ့လက်မောင်းများအကြားတွင် တင်းကြပ်စွာ ဖက်တွယ်ထားလေပြီး ယွီယန့်၏ ဆံနွယ်ကို သပ်တင်ပေးရန် သူ့လက်ကို မြှောက်တင်လိုက်လေ၏။ နွေးထွေးသော သူ့လက်ဖဝါးမှာ ယွီယန့်၏ ဘေးဘက်မျက်နှာတစ်လျှောက် လျောဆင်းသွားလေသည်။ သူ့လက်ချောင်းထိပ်များမှာလည်း ယွီယန့်၏ မျက်လုံးထောင့်များကို သိုဝှက်ထားပါသော ချစ်ခြင်းမေတ္တာများဖြင့် ပွတ်သပ်နေသည်။

"...ဒါက အိပ်မက်လား" မုယွင်ကွေးက နူးညံ့စွာမေးလာလေသည်။

မုယွင်ကွေးကို နီးနီးကပ်ကပ်ကြည့်ကြည့်ပါမှ သူ့မျက်လုံးများမှာ ယခင်ကကဲ့သို့ ကြည်ကြည်လင်လင် မရှိသည်ကို တွေ့ရလေသည်။

ဤအမူးသမားမှာ အမူးမပြေသေးပါချေ။

မုယွင်ကွေး၏ မျက်လုံးများမှာ ယွီယန့်ကို နီးကပ်စွာစိုက်ကြည့်နေလေပြီး ထိုအကြည့်များမှာ လေးလံသောလေထုကို ထုတ်လွှတ်နေကာ တစ်ဖက်လူကို အသက်ရှုဖို့ပင် မဝံ့မရဲဖြစ်စေသည်။ ခဏမျှကြာသောအခါတွင် မုယွင်ကွေးမှာ ရယ်သွမ်းသွေးလာလေ၏။

ထိုအပြုံးမှာ ထူထဲသော ရေခဲများနှင့် နှင်းများကိုပင် အရည်ပျော်နိုင်စေလေပြီး လူတစ်ယောက်၏ နှလုံးသားကို လှုပ်ခါစေလေသည်။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now