Chapter 12 -'Abdominal Discomfort'

1.7K 256 31
                                    

Unicode

အစာအိမ်မသက်မသာဖြစ်ခြင်း 

နောက်တစ်နေ့မနက်ခင်းတွင်တော့ဖြင့် ဆောင်းရာသီမနက်ခင်း၏ နွေးထွေးသော နေရောင်ခြည်မှာ အခန်းအတွင်းသို့ သွန်းလောင်းလာလေတော့သည်။ ယွီယန်သည် ပြိုးပျက်ပျက်အလင်းရောင်ကြောင့် မျက်မှောင်ကြုတ်လိုက်မိကာ သေးငယ်သော အသံလေးဖြင့် ညည်းတွားလိုက်လေပြီး သူ့ဘေးနားတွင်ရှိနေပါသော အမှောင်ရိပ်ထံသို့ သူ့ခေါင်းကို ကွယ်ထားလိုက်လေတော့သည်။ ထိုမျှသာမက ခေါင်းဖြင့် အသာအယာပင် ထိုအရာအား ပွတ်သပ်လိုက်ပါသေး၏။

ယွီယန် သူ့မျက်လုံးများကို မဖွင့်ခင်အချိန်အထိ အချိန်မည်မျှကြာသွားသည်ကိုပင် မသိလိုက်ပါချေ။

ကြောင်တောင်တောင်ဖြင့် သူသည် ပွတ်သပ်လိုက်ကာ သူ့ခေါင်းကို မော့ကြည့်လိုက်လေ‌တော့သည်။ သူ၏ စိတ်ရှုပ်ထွေးနေသောအကြည့်များမှာ မုယွင်ကွေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါတွင်မှ တဖြည်းဖြည်း ကြည်လင်လာရလေတော့၏။

မုယွင်ကွေးမှာ သူ့ဘေးတွင် လှဲလျောင်းနေပါ၏။

အိပ်နေလျက်နှင့်တောင်မှ ထိုသူသည် သူ့ကိုယ်သူအလွန်အမင်း ထိန်းချုပ်ထားနေသေးဆဲ‌ဖြစ်လေသည်။ သူ့လက်များမှာ ဘေးနားတွင်ချထားလေပြီး သူ့ပုံစံမှာ တောင့်တောင့်ကြီး ဖြစ်နေလေ၏။ လှပလှပါသော ထိုမျက်ဝန်းများမှာ ငြိမ်းချမ်းစွာမှိတ်ထားလေသည်။ သူ့မျက်‌တောင်မွေးများမှာ ရှည်လျားပြီး ထူထဲလှသည်။ မျက်တောင်မွေးတစ်ချောင်းခြင်းစီတိုင်းမှာလည်း ကွဲကွဲပြားပြားရှိ၏။

ယခုလို မုယွင်ကွေးကို ယွီယန်တွေ့ရသည်မှာ မရှိသလောက်ပင်ဖြစ်၏။

အဲ့တာက…အရမ်းနီးကပ်မနေလွန်းဘူးလားလို့?

ယွီယန်သည် သူ့အကြည့်များကို အောက်ဘက်ဆီသို့ ရွှေ့လိုက်လေရာ နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက် မည်သို့မည်ပုံ လှဲနေကြသည်ကို တွေ့မြင်သွားလေတော့သည်။

သူ့လက်မောင်းများမှာ မုယွင်ကွေး၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေပြီး သူ့ခန္ဓာကိုယ်မှာ သူ့အပေါ်သို့ လုံးလုံးလျားလျားကျရောက်လုနီးပါးဖြစ်နေသည်။ ခြေ‌ထောက်တစ်ဖက်ဟာဆိုလျှင်ဖြင့် ထိုသူ၏ ‌ခြေထောက်နှစ်ချောင်းကြားသို့ပင် ရောက်နေချေသေးသည်။


ပို၍ ဆိုးဝါးသည်မှာ ‌ယမန်နေ့ညက အိပ်ရာမဝင်ခင်တွင် သူသည် ရေချိုးဝတ်ရုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားခြင်ပင်ဖြစ်သည်။ ခါးစည်းကြိုးမှာ ညက ပြေသွားပုံရပြီး သူ့ပခုံးပေါ်တွင် လာချိတ်နေလေ၏။

——ပြောရမည်ဆိုလျှင်ဖြင့် ယင်းမှာ ဘာမှမဝတ်ထားသည်နှင့် မထူးခြားနားပါပေ။

ယွီယန် “…”

မုယွင်ကွေး၏ အိပ်စက်သည့်ပုံမှာလည်း ပြောင်းခဲလှသည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဝတ်ရုံဤကဲ့သို့ဖြစ်နေရခြင်းမှာ ဘာကြောင့်လဲ ဘယ်သူ‌ဖန်တီးလိုက်သလဲဆိုသည်မှာ သိသာထင်ရှားနေပြီ ဖြစ်သည်။

ယွီယန့်၏ နားရွက်ဖျားများမှာ ဝမ်းနည်းစွာဖြင့်ပင် သွေးရောင်လွှမ်းလာလေတော့၏။

သူသည် ‌သူ့ခြေထောက်ကို တဖြည်းဖြည်းချင်းမကာ တိတ်တဆိတ်ပြန်ဖယ်ရန် ကြိုးစားနေစဉ်တွင်ပင် ရုတ်တရက် အသံခပ်နိမ့်နိမ်ကို သူကြားလိုက်ရလေတော့သည်။ “မနေ့ညက အရှင်ကောင်းကောင်းအိပ်ပျော်ရဲ့လား။”

ထိုအသံကြောင့် ယွီယန်ခမျာ ထိတ်လန့်သွားရလေပြီး သူ၏ ပေါင်အပေါ်ပိုင်းမှာ မုယွင်ကွေးကို သွားထိ‌မိလေချေတော့သည်။

လူနှစ်ယောက်လုံး၏ အမူအရာများမှာ‌ ပြောင်းလဲသွားရလေချေပြီ။

ယွီယန်မှာ တောင့်ခဲသွားရလေတော့သည်။ သူ့သွားများကို တင်းတင်းကြပ်ကြပ်စေ့ထားလေပြီး သူ့အရေပြားတွင် ကပ်တွယ်နေပါသော မာကျောကာ ပူပြင်းလှသည့် အထိအတွေ့ကို လျစ်လျူရှုထားရန် ကြိုးစားနေလေ၏။

ဒါက သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ တုံ့ပြန်မှုဆိုတာကို သူသိပေမယ့်လည်း ဒါပေမယ့်…ဒါပေမယ့်… ဒါပေမယ့် ဒီလိုကြီးကျတော့ အရမ်းကို လွန်လွန်းတယ်မဟုတ်ဘူးလား!

ဒီလူ ဘာတွေများစားပြီး ကြီးပြင်းလာတာတုန်း!

လေထုမှာ အနည်းငယ် နေရခက်လာချေတော့သည်။

နောက်ဆုံးမှာတော့ဖြင့် မုယွင်ကွေးဟာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းမြင့်သူတစ်ယောက်ဖြစ်သည့်အတွက် တိတ်ဆိတ်မှုကို သူကပဲ စတင်ဖြိုခွင်းလိုက်လေသည်။ “အရှင် ဒီနေ့ မြို့ပြင်အစွန်က စံအိမ်ကို သွားမယ်ဆိုရင် အခုထရမယ့်အချိန်ရောက်နေပါပြီ”

“အာ…oh!” ယွီယန်သည် အသံနိမ့်နိမ့်လေးဖြင့် ပြန်တုံ့ပြန်လေ၏။ လက်များကို လွှတ်လိုက်ကာ မုယွင်ကွေး၏ လက်မောင်းအကြားမှ သူ့ခန္ဓာကိုယ်ကို သူပြန်ဆွဲထုတ်လိုက်လေသည်။

သူ့ဘေးရှိ အိပ်ရာမှာ နစ်သွားရလေ၏။ မုယွင်ကွေးသည် ဆိုဖာပေါ်မှ ထလိုက်လေသည်။

မုယွင်ကွေးသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြန်ပြင်ကာ ယွီယန့်ကိုပြန်လှည့်မကြည့်မီအချိန်အထိ ယွီယန့်ကိုကျောခိုင်းထားလေသည်။

ယွီယန်သည်လည်း သူ့ခေါင်းကို စောင်ပုံထဲတွင်မြှုပ်ထားလေပြီး ပန်းရောင်သန်းနေသော နားရွက်လေးများကိုသာ ဖော်ထားလေ၏။

အခုတော့ သူဘယ်လိုရှက်ရမလဲဆိုတာ သိသွားပြီပေါ့လေ။ မုယွင်ကွေး၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားရလေတော့၏။

ယွီယန်က သူ့ကို အနားယူစေချင်တာလား ညှင်းပန်းနှိပ်စက်ချင်တာလားဆိုတာကို သူမသိတော့ပါချေ။ ဤလူသားလေးမှာ တစ်ညလုံး ပုံစံပြောင်းကာ အိပ်နေလေပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်နေခဲ့လေသည်။ သူအေးအေးချမ်းချမ်း အိပ်မပျော်နိုင်ခဲ့ပါပေ။

ဤကဲ့သို့ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်သောညက မုယွင်ကွေးအ‌တွက်တော့ အိပ်မပျော်သည့် ညတစ်ညဖြစ်စေခဲ့လေသည်။

တကယ်လို့ သူကောင်းကောင်းမွန်မွန် အိပ်ပျော်သွားလျှင်တောင်မှ ထူးဆန်းနေဦးမည် ဖြစ်၏။

မုယွင်ကွေးသည် ယွီယန့်အတွက် အဝတ်အစားများကို ယူလာပေးလေသည်။ နောက်တွင်တော့ ထလာရန် ငြင်းဆိုနေလေပြီး အိပ်ရာပေါ်တွင် ခွေခွေလေးလှဲနေသည့် ထိုသူ့ကို မြင်သောအခါ သူသည် အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်လေ၏။ “အရှင်က ဒီလက်အောက်ငယ်သားကို အဝတ်အစားလဲဖို့ရာအတွက် ကူညီပေးစေချင်တာပါလား?”

“မလို…မလိုပါဘူး။ ငါ့ဘာသာငါလဲလိုက်မယ်။” စောင်ပုံကြားထဲမှ ယွီယန့်၏ အသံထွက်လာချေတော့၏။

မုယွင်ကွေးမှာ မတတ်နိုင်ပဲ ပြုံးမိသွားရချေလေပြီး ပြောလာလေ၏။ “နားလည်ပါပြီ။” ထို့နောက်ထွက်ခွာသွားလေတော့သည်။

.

မနက်စာစားပြီးသောအခါတွင် ရထားလုံးသည် ထိုသူနှစ်ယောက်ကို သယ်ဆောင်ကာ မြို့အပြင်ဘက်ဆီသို့ သွားရာလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားလေတော့သည်။

ယမန်နေ့ညက နှင်းထူထပ်စွာကျဆင်းမှုကြောင့် ယနေ့တွင် အပူချိန်မှာ အတော်လေးကို ကျဆင်းသွားရလေသည်။ အေးစက်နေသောလေများမှာ ရထားလုံးပြတင်းပေါက်ရှိ ကန့်လန့်ကာများကို ဖြတ်ကာ အတွင်းသို့ ဝင်လာလေတော့သည်။ ထို့အပြင် ရထားလုံးအတွင်းတွင် ရှိနေသည့် အပူပေးမီးဖိုမှာလည်း အလုပ်မလုပ်ပါချေ။

ယွီယန်သည် သူအအေးဒဏ်ကြောင့်တဆတ်ဆတ်မတုန်ခင်အထိ လေအေးအတိုက်ခံနေခဲ့လေသည်။ မှင်ရည်ရောင် မြေခွေးသားရေခြုံလွှာက သူ့ကို တင်းတင်းကြပ်ကြပ်လွှမ်းခြုံပေးထားပါသော်လည်းပဲ အအေးဒဏ်ကိုတော့ဖြင့် အံမတုနိုင်ပါချေ။

မုယွင်ကွေးသည် ပြတင်းပေါက်ကို အလျင်အမြန်ပိတ်လိုက်လေချေတော့သည်။

ယွီယန့်၏ သွင်ပြင်လက္ခဏာမှာမူ ပြန်‌ကောင်းလာခြင်းမရှိသေးပဲ ခိုက်ခိုက်တုန်လျက်ရှိနေသေးလေသည်။

မုယွင်ကွေးသည် မျက်မှောင်ကြုတ်လိုက်မိလေ၏။ “အရှင်နေလို့ထိုင်လို့မကောင်းဖြစ်နေတာပါလား?”

ယွီယန်သည် ထိုင်ခုံပေါ်တွင် မှီထိုင်နေရင်း သူ့မျက်ခုံးများကို လက်နှင့်ဖိနေကာ သူ့လက်ကို အားနည်းစွာ ဝေ့ယမ်းလိုက်ရင်း‌ ပြောလာလေ၏။ “ဘာမှမဟုတ်ပါဘူး။”

ယနေ့အိပ်ရာမှ ထလာကတည်းက သူနေလို့ထိုင်လို့မကောင်းဖြစ်နေခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ အရင်ကလောက် အားအင်တွေ မရှိသလိုဖြစ်နေ၏။ ထို့အပြင် သူဘယ်အစားအစာကိုမှ စားလို့မရဖြစ်နေပါသေးသည်။ အစက ယင်းမှာ လုံလုံလောက်လောက်မအိပ်ခဲ့ခြင်းကြောင့်ဖြစ်မည်ဟု တွေးထင်ထားခဲ့ပါသော်လည်းပဲ မြို့တော်ဂိတ်ပေါက်မှ ထွက်လာပြီးကာမှ ယင်းမသက်မသာခံစားရမှုက ပိုပို၍ ဆိုးဝါးလာလိမ့်မည်ဟု ဘယ်သူကမှ သိထားလိမ့်မည်မဟုတ်ပါချေ။

မုယွင်ကွေးမှာ စိုးရိမ်တကြီးမေးလာလေ၏။ “အရှင်ဘာလို့ စံအိမ်ကို နောက်နေ့မှမသွားရတာပါလဲ။ အခုအရှင် အရင်ဆုံးနန်းဆောင်ကို ပြန်ပြီး အနားယူသင့်ပါတယ်။”

“မလိုဘူး။” ယွီယန်သည် သု့ခေါင်းကို ခါယမ်းလိုက်လေ၏။ “ငါက အတည်ပြုချင်ရုံလေးတင်ပဲ။ သိပ်ကြာမှာမဟုတ်ဘူး။”

“ဒါပေမယ့်…”

မုယွင်ကွေးသည် ဆက်ပြောချင်နေပါသော်လည်းပဲ ရပ်တန့်လိုက်လေသည်။

ယွီယန်သည် ဘယ်တော့မှ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ရိုးထုံးစံမရှိပါချေ။

ရထားလုံးအတွင်းရှိ မီးသွေးမီးဖိုမှာ လောင်ကျွမ်းနေပါသော်လည်းပဲ ထိုမှထွက်သည့် အနွေးဓာတ်သည် ယွီ့ယန်ကို လုံလုံလောက်လောက် နွေးထွေးမှု ပေးနိုင်သည့်ဟန်မပေါ်ချေ။ သူ့မျက်နှာတစ်ဝက်နီးပါးလောက်မှာ မြေခွေးသားရေ၏ အမွေးအမျှင်များကြားတွင် နစ်မြှုပ်နေလေပြီး ထိုသို့နစ်မြှုပ်နေခြင်းကြောင့် သူ့အားပို၍ ဖြူဖျော့နေစေလေသည်။

မုယွင်ကွေးမှာ တိတ်တဆိတ် သက်ပြင်း ချလိုက်လေတော့သည်။ သူသည် ထလိုက်ပြီး ယွီယန့်ဘေးနားတွင် သွားထိုင်လိုက်လေ၏။ ထို့နောက် ထိုအေးစက်နေသော ခန္ဓာကိုယ်ကို သူ့လက်မောင်းများအကြားတွင် ထွေးပွေ့ထားလိုက်လေတော့သည်။

ယွီယန်မှာ တောင့်ခဲသွားရလေတော့သည်။

ဤကဲ့သို့ တရင်းတနှီးနေရန် မုယွင်ကွေးဘက်မှ အစပြုသည်မှာ ရှားလှသည်။

“ဒီလက်အောက်ငယ်သားက ရိုင်းပြမိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့သာဆို…အရှင်ပိုနေလို့‌ကောင်းသွားပါလိမ့်မယ်။” မုယွင်ကွေးသည် သူ့လက်မောင်းတစ်ဖက်ဖြင့် သူ့ကို ရစ်ပတ်တွယ်နှောင်ထားကာ ကျန်လက်တစ်ဖက်မှာတော့ဖြင့် မြေခွေးသားရေခြုံလွှာထဲသို့ တိုးဝင်လာကာ ယွီယန်၏အေးစက်နေသော လက်များကို ကိုင်ထားပေးလေတော့သည်။

ဤနှစ်များအတွင်း လေ့ကျင့်ထားခဲ့သည့် သိုင်းပညာကြောင့်များလားဆိုတာကိုမသိပေမယ့် မုယွင်ကွေး၏ လက်များမှာ အမြဲတမ်းနွေးထွေးနေလေသည်။ ထိုနွေးထွေးသော လက်များအကြားတွင် ယွီယန့်၏ အေးစက်နေသောလက်များမှာ ဂရုတစိုက်ဖြင့် အနွေးဓာတ်ပေးခြင်းခံနေရလေသည်။ သိပ်မကြာခင်တွင်ပင် သူသည် တုန်ယင်နေခြင်းမရှိတော့ပါပေ။

“မင်းမအေးဘူးလား။” ယွီယန်သည် ခပ်နိမ့်နိမ့်အသံလေးဖြင့် မေးလာလေ၏။

မုယွင်‌ကွေး : “မအေးပါဘူး။”

ယွီယန်မှာ “အင်း” ဟုပြန်ပြောလိုက်ပြီးနောက်တွင်မူ ဘာမှဆက်မပြောလာတော့ချေ။

အရိပ်သက်တော်စောင့်လေးက အရမ်းကို အသုံးဝင်တာပဲ။ အေးနေတဲ့အခါကြရင်လည်း အနွေးဓာတ်ပေးဖို့အတွက် မီးဖိုအနေနဲ့လည်း သုံးလို့ရတယ်။

ယွီယန်သည် သူ့ခေါင်းကို မုယွင်ကွေး၏ ရင်ဘတ်တွင် မှီထားလိုက်လေတော့သည်။ ထိုအချိန်လေးတွင် သူသည် သူ့အပိုင်အရိပ်သက်တော်စောင့်လေး မလုပ်တတ်သည့်အရာတစ်ခုမျှကိုပင် သူစဉ်းစား၍ မရနိုင်ပါချေ။

အိုး…ကလေးမွေးတာကလွဲရင်ပေါ့!

ဒါပေမယ့် ဒီမင်းသားကသာ အနာဂတ်မှာ ဧကရာဇ်ဖြစ်ချင်တယ်ဆိုရင် သူ့မှာ ထီးနန်းဆက်ခံဖို့ တစ်စုံတစ်ယောက်လိုအပ်တယ်။ ကလေးတစ်ယောက်ရှိနေဖို့က မဖြစ်မနေကို လိုအပ်တာ။

…ဝမ်းနည်းစရာပဲ။

ယွီယန့်စိတ်မှာ ပရမ်းပတာအခြေအနေဖြစ်နေလေ၏။ သူ့ဘာအတွက်ကြောင့် ဝမ်းနည်းနေရသလဲဆိုတာကို သဘောမပေါက်ခင်တွင်ပင် သူအိပ်မောကျသွားလေတော့သည်။

စံအိမ်ရှိရာနေရာမှာ အင်ပါယာမြို့တော်နှင့် သိပ်မဝေးပါချေ။ မြို့တော်မှထွက်လာပြီးနောက် စံအိမ်တော်ကို ရောက်ရန် အချိန်တစ်နာရီသာ ကြာလေ၏။

ရထားလုံးမှာ စံအိမ်၏ ဂိတ်ပေါက်ဝတွင် ရပ်တန့်သွားလေတော့သည်။ အနည်းငယ်သော အစောင့်တချို့မှာ ယွီယန့်ကို နှုတ်ဆက်ကာ ရထားလုံးအပြင်သို့ထွက်ရန် ကူညီဖို့ရာအတွက် အနားသို့လာကြပါသော်လည်းပဲ သူတို့တွေ့လိုက်ရသည်မှာ ယွီယန့်ကို ပွေ့ချီကာ ရထားလုံးအပြင်ဘက်သို့ ခုန်ကာထွက်လာသည့် မုယွင်ကွေးကိုပင်ဖြစ်၏။

စင်ကြယ်သန့်ရှင်းကာ တော်ဝင်ဆန်ပြီး လူကြီးလူကောင်းဆန်၍ လက်လှမ်းမမှီနိုင်ပါသော သူတို့၏ အရှင့်သားမှာ ယခုတွင်တော့ဖြင့် မမျှော်လင့်ထားသော အပြုအမူဖြင့် အရိပ်သက်တော်စောင့်၏ လက်မောင်းများအကြားတွင် တိတ်ဆိတ်စွာ မှီခိုနေလေသည်။

အစောင့်များ : “…”

အစောင့်များမှာ အလွန့်အလွန်ကို သိချင်စိတ်ပြင်းပြစွာဖြင့်ကြည့်နေကြပါသော်လည်းပဲ မုယွင်ကွေး၏ အေးစက်နေသည့် အကြည့်ဖြင့်ရင်ဆိုင်လိုက်ရသည့်အခါတွင်မူ သူတို့ခေါင်းများကို ငုံ့လိုက်ကြလေတော့သည်။

မုယွင်ကွေးသည် ယွီယန့်ကို ပွေ့ချီလျက်ပင် စံအိမ်တော်အတွင်းသို့ ဝင်သွားလေတော့သည်။

စံ‌အိမ်မှာ နွေရာသီအပူဒဏ်ကို ရှောင်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ ဆောင်းရာသီ၏ ရှုမြင်ကွင်းမှာလည်း အတော်လေးကို လှပါပေသည်။ သို့သော် ဤနေရာ၌ အအေးဒဏ်မှာ မြို့တော်ကထပ် ပိုအေးလေသည်။ ထို့ကြောင့် ဆောင်းတွင်းကာလများ၌ ယွီယန်သည် ဤနေရာသို့ လာခဲလေသည်။ မည်သို့ပင်ဆိုစေကာမူ မနေ့ကတည်းက မုယွင်ကွေးသည် ဤနေရာသို့လာကာ ညွှန်ကြားထားပြီးသားဖြစ်သည့်အတွက် အရာအားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မုယွင်ကွေးသည် ယွီယန့်ကို အိမ်ထဲသို့ သယ်သွားလေပြီး နွေးထွေးသော ဆိုဖာပေါ်တွင် ထိုလူသားလေးကို ချထားလိုက်လေသည်။ ထို့နောက် ‌အစေခံများကို ဂျင်းစွပ်ပြုတ်တစ်ခွက်ပြုလုပ်ခိုင်းလိုက်လေတော့သည်။

ယွီယန်မှာမူ အိပ်ပျော်နေဆဲ ဖြစ်၏။

မုယွင်ကွေးသည် သူ့နဖူးကို စမ်းကြည့်လိုက်လေသောအခါ အနည်းငယ်နွေးရုံသာ‌နွေးနေလေပြီး အလွန်ပူနေခြင်းတော့မဟုတ်ပါချေ။

ယွီယန်မှာ ဖျားနာလွယ်သည့်လူတစ်ယောက်တော့ မဟုတ်ပါပေ။ သူ့ဘေးပတ်လည်တွင်ရှိနေပါသော ပတ်ဝန်းကျင်ရှေ့တွင် သူ၏ အားနည်းချက်များကို ထုတ်ဖော်ပြသ၍မရပါချေ။ အလွန်သေးငယ်သည့် အအေးပတ်ခြင်းတောင်မှ မရပါချေ။ သို့ရာတွင်မူ သူသည် Omega တစ်ယောက်သာဖြစ်လေ၏။ ထို့အပြင် ယခုအခါတွင် သူသည် ထိန်းချုပ်နံ့သာ၏ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားနေရသေးသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အရင်ကကဲ့သို့ မဟုတ်တော့ပါချေ။

မုယွင်ကွေးသည် မျက်လွှာချလိုက်ကာ ထိုသူအား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်လေ‌တော့သည်။

သို့သော် ယွီယန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခြင်း မဟုတ်သည့်အတွက် ဂျင်းစွပ်ပြုတ်ရည် ရောက်မလာခင်တွင်ပဲ သူနိုးလာလေတော့သည်။

“ဆိုတော့ ငါတို့ရောက်နေပြီပေါ့လေ…” ယွီယန်သည် သမ်းဝေရင်းပြောလိုက်၏။ “မင်းဖမ်းမိထားတဲ့လူကရော ဘယ်မှာလဲ?”

မုယွင်ကွေး : “လောလောဆယ်တော့ ဘေးကအခန်းထဲမှာ သော့ခတ်ထားပါတယ် အရှင်…”

ယွီယန်သည် သူ့ကို အမိန့်ပေးလိုက်လေ၏။ “သူ့ကိုခေါ်လာခဲ့လိုက်။ ငါကိုယ်တိုင် သူ့ကိုစစ်မေးမယ်။”

မုယွင်ကွေးသည် ခဏမျှတိတ်ဆိတ်သွားရပါသော်လည်းပဲ ငြင်းဆိုရန် မဝံ့ရဲသည့်အတွက် “…နားလည်ပါပြီ အရှင်”

သူသည် ချက်ချင်းပင် တခြားလူတစ်ယောက်ကို ပြန်အမိန့်ပေးလိုက်လေတော့သည်။ တိုက်ဆိုင်စွာပင် ဂျင်းစွပ်ပြုတ်ရည်ကိုလည်း လာပို့လာပြီဖြစ်‌လေ၏။ မုယွင်ကွေးသည် ဂျင်းစွပ်ပြုတ်ရည်ကို ကောက်ကိုင်လိုက်ကာ အိပ်ရာအနီးသို့လျှောက်သွားလေတော့သည်။ “အရှင် အအေးအနည်းငယ်မိထားတာ‌ဆိုတော့ ခန္ဓာကိုယ်ပြန်နွေးသွားအောင်လို့ ဂျင်းစွပ်ပြုတ်ရည်သောက်သင့်ပါတယ်။”

“…ကောင်းပြီ” ယွီယန်သည် သူ့ခန္ဓာကိုယ်နှင့် ပတ်သတ်သည့်ကိစ္စကိုတော့ဖြင့် ဟာသမလုပ်ရဲပါချေ။ ထို့ကြောင့်သူသည် ငြင်းဆိုခြင်းတစ်စုံတစ်ရာမရှိပါပဲ လှမ်းယူလိုက်လေ၏။

သို့သော် နှစ်ငုံမျှသောက်ပြီးသည့်နောက်မှာတော့ဖြင့် သူဆက်သောက်နိုင်စွမ်းမရှိတော့ပါပေ။

အခြေခံအားဖြင့် ယွီယန်သည် မနက်စာမစားခဲ့ပါပေ။ ထို့ကြောင့် ယခု ဂျင်းပြုတ်ရည်နှစ်ဇွန်းခန့်သောက်လိုက်သည့်အခါတွင်မူ သူ့အစာအိမ်ဆီမှ မသက်မသာခံစားလာရတော့လေသည်။

သူမျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော် သူဘာမှမပြောရသေးခင်‌တွင်ပင် အခန်းအပြင်မှ အလောတကောလာသော ‌ခြေသံများကိုကြားလိုက်ရလေသည်။

“အရှင့်သား ‌မကောင်းတော့ပါဘူး!” အလျင်စလိုဖြစ်နေသည့်အသံတစ်သံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။ “တစ်ဖက်အခန်းမှာ သော့ပိတ်ထားတဲ့လူ…အဲ့လူက…”

ယွီယန့်၏ နှလုံးမှာ ရုတ်တရပ် တင်းကြပ်သွားရလေတော့သည်။

လုပ်ကြံသူကို ထိန်းသိမ်းထားပါသော ထိုဘေးဘက်ရှိအခန်းမှာ စစ်သားမျာူက တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေကြခြင်းဖြစ်သည်။ အစောင့်များပြောပြပုံအရဆိုလျှင် မနေ့ညက ဘာမူမမှန်သည့်ကိစ္စတစ်စုံတစ်ရာမှ ဖြစ်ပွားခဲ့ခြင်းမရှိဟုဆိုသည်။ ယနေ့မနက်က ထိုအခန်းသို့ မနက်စာသွားပို့သည့်အချိန်ကတောင်မှ ထိုသူမှာ အသက်ရှင်လျက်ရှိနေ‌သေးဆဲဖြစ်သည်ဟုပင်။ 

သို့သော် လေးနာရီခန့်ကြာသောအခါတွင်မူ ထိုသူမှာ အခန်းထဲတွင်ပင် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရလေ‌သည်။

“အဆိပ်အပ်ပဲ။ ကျန်းတုမြို့မှာ အသုံးများတယ်။ အဲ့ဒါက သူ့ကို ထိုးဖောက်သွားလို့ သေသွားရတာပါ။” မုယွင်ကွေးသည် အလောင်းကို စစ်ဆေးပြီးနောက် ပြောလာလေ၏။ ထို့နောက်တွင်မူ ယွီယန်ရှိရာဆီသို့ လျှောက်လှမ်းလာလေပြီး ယွီယန့်အရှေ့တွင် ဒူးထောက်လိုက်ချေတော့သည်။ “ဒီလက်အောက်ငယ်သားက ‌အလုပ်ကောင်းကောင်းမလုပ်ခဲ့ပါဘူး။”

ယွီယန်သည် သူ့လက်ကိုဝေ့ယမ်းလိုက်လေသည်။ “ဒါက ဘယ်လိုအ‌တွက်ကြောင့်နဲ့ မင်းအမှားကြောင့် ဖြစ်မှာတုန်း။”

မုယွင်ကွေးအတွက် ထိုသူကို အင်ပါယာမြို့တော်အတွင်းသို့ ခေါ်ဆောင်လာရန်မှာ အဆင်မပြေပါချေ။ ထို့ကြောင့် သူ့မထွက်ခွာခင်တွင် ဖမ်းမိသည့်သူကို ဤစံအိမ်တွင် သော့ပိတ်ကာ ထားခဲ့ရန် ယွီယန်နှင့် သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့လေသည်။

ထို့အပြင် ဤစံအိမ်အတွင်းအပြင်နှစ်နေရာလုံး၌စောင့်ကြပ်နေသော အစောင့်များအားလုံးမှာ ယွီယန်ကိုယ်တိုင် ရွေးချယ်ကာ ခန့်အပ်ထားသူများသာ ဖြစ်ကြလေသည်။

ဒါက ဘယ်လိုလုပ်မုယွင်ကွေးရဲ့ အမှားကြောင့်ဖြစ်ရမှာလဲ။

ယွီယန်သည် သွေးနီ‌ရောင်သင်္ကေတကို ကိုင်ကြည့်လိုက်ရင်း “ဒါကအကြီးဆုံးအကိုတော်ရဲ့ မြင်းစီးသူရဲတွေရဲ့ဟာပဲ။”

မုယွင်ကွေး : “အကြီးဆုံးမင်းသားက ကျွန်တော်တို့ သက်သေအထောက်အထားတွေကို ရှာတွေ့သွားမှာစိုးလို့ ဒီလူကို နှုတ်ပိတ်လိုက်တာ ဖြစ်နေနိုင်မလား။”

“ဖြစ်နိုင်ချေရှိတယ်။” ယွီယန်သည်သက်ပြင်းချလိုက်ကာ သင်္ကေတအား အလောင်းကောင်ပေါ်သို့ ပစ်တင်လိုက်လေ၏။ “ဒီအရှုပ်တွေကို ရှင်းလိုက်တော့။ ဒီကိစ္စက ဒီမှာတင်ပြီးပြီ။”

မုယွင်ကွေးမှာ ရှုပ်ထွေးသွားရလေပြီး “ဘာများဖြစ်လို့ပါလဲ။”

“ဘာလို့လဲဆိုတော့ အဲ့အလောင်းကောင်က ဖော်ထုတ်တဲ့နေရာမှာ အသုံးမဝင်တော့လို့လေ။” ယွီယန်ကပြော၏။ “တကယ်လို့ ဒီလူသာအသက်ရှင်လျက်ရှိနေဦးမယ်ဆိုရင်တော့ ငါတို့အတွက်အသုံးဝင်နေသေးတာပေါ့။ ဒါပေမယ့် အခုတော့…တကယ်လို့ ဒီအလောင်းကောင်က အကြီးဆုံးအကိုတော်နဲ့ သက်ဆိုင်နေတယ်ဆိုတာကို ငါတို့ဖော်ထုတ်နိုင်ရင်တောင်မှ ဒီလိုအလောင်းကောင်တစ်ခုထဲလေးနဲ့ ခမည်းတော်ဧကရာဇ်က အကြီးဆုံးအကိုတော်ကို အပြစ်ပေးလိမ့်မယ်လို့ မင်းထင်လား။”

ဧကရာဇ်သည် ယွီဟုန်ထပ်တောင်မှ အကြီးဆုံးမင်းသား ရဲ့ရှုးကို ပို၍ တန်ဖိုးအထားဆုံးဖြစ်လေသည်။

ဘေးအခန်းထဲတွင် အပူပေးမီးဖိုကို မထွန်းညှိထားပါချေ။ ယွီယန်သည် ထိုအခန်းထဲတွင် အချိန်ခဏမျှရိုးရှင်းစွာ ထိုင်နေရင်းနှင့်တောင်မှ အအေးဒဏ်ကို ခံစားနေရပြီဖြစ်ချေ၏။ သူသည် သူ့ဘာသာသူခြုံထည်လွှာကို လွှမ်းခြုံလိုက်လေပြီး မတ်တပ်ထရပ်လိုက်လေသည်။ “နန်းဆောင်ကို အရင်ပြန်ကြရအောင်။ ဒီနေ့အရမ်းအေးတယ်။”

သူသည် အရှေ့သို့လျှောက်သွားလေသည်။ သို့ရာတွင်မူ ရုတ်တရပ် သူ့ခြေ‌ထောက်များမှာ ပျော့ခွေသွားလေတော့သည်။ ကံကောင်းစွာဖြင့် ထိုအချိန်၌ မုယွင်ကွေးက သူ့ကို လှမ်းထိန်းထားပေးလိုက်လေသည်။

ယွီယန်သည် မုယွင်ကွေး၏ လက်မောင်းကို ဖမ်းဆုပ်ထားရင်း ခက်ခဲစွာဖြင့် မတ်တပ်ပြန်ရပ်လေသည်။ သူသည် ပြုံးပြလိုက်လေပြီး သူ့ခေါင်းကို ခါယမ်းလိုက်လေသည်။ “ခါတိုင်းငါက အအေးလည်းမကြောက်သလို ဖျားလေ့ဖျားထလည်းမရှိပါဘူး အခုကျမှ…”

သူ့အသံမှာ ရုတ်ချည်းရပ်တန့်သွားရလေတော့သည်။

အအေးကြောက်တယ်။ ဖျားတယ်။ အစာစားချင်စိတ်ပျောက်နေတယ်။ အစာအိမ်ကလည်း အောင့်နေတယ်။

ဒီလက္ခဏာတွေက တစ်ခုခုနဲ့ဆင်တူနေသလိုပဲ။

အရင်တစ်ခေါက် အပျော်မယ်ဂေဟာက ထွက်လာပြီးကတည်းက ယွီယန့်စိတ်ထဲတွင် ချင်းကျွယ်ပြောထားသည်က စွဲနေလေသည်။ သို့ရာတွင် သူသည် အတွေ့အကြုံမရှိသေးသည့်လူတစ်ယောက်သာဖြစ်ပြီး အခြားသောတစ်စုံတစ်ယောက်ကို မေးဖို့ရန်လည်း မလုပ်ချင်သည့်အတွက် သူသည့် သူ့ဘာသာသူ တိတ်တဆိတ်သာ Alpha များအကြောင်းရေးသားထားသည့် ပုံပြင်များ ရိုးရာစာပေစာအုပ်များကို လိုက်ရှာကာ လေ့လာထားလေသည်။

ထိုစာအုပ်များထဲတွင် ရေးထားသည်မှာ Omega ငယ်လေးတစ်ယောက်ဤကဲ့သို့သော လက္ခဏာများပြသနေပါလျှင် ဆိုလိုသည်မှာ…

ယွီယန်သည် သူ့ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်မိလေတော့သည်။ သူ့မျက်နှာမှာလည်း ဖြူဖျော့သွားရလေတော့၏။

မဟုတ်ဘူး။ မဖြစ်နိုင်ဘူး!

The Author Has Something To Say :

မင်းတို့တွေအားလုံးခန့်မှန်းမိကြရဲ့လား

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Donde viven las historias. Descúbrelo ahora