7

18.8K 466 1
                                    

Part - 7
▪▪▪▪▪▪▪▪▪▪

"နည်းနည်းအဆင်ပြေသွားပြီပြောရမယ်"

ရယ်ရယ်မောမောဖြင့်စကားပြောနေသော သူမအသံလေးကိုကြားလိုက်တော့ ခပ်လျော့လျော့မှီထိုင်နေရာမှ ကိုယ်ကိုမတ်မတ်ပြင်ကာ ဝရံတာကနေငုံ့ကြည့်လိုက်မိသည်။
မခနဲ့အတူ ကားပေါ်က ဆင်းလာသည့်သူမ…

အပြာဘက်သမ်းသော အစိမ်းရောင်ဆံပင်တွေဖြင့် လွင့်ပျံနေသည့်ကောင်မလေး။
တီရှပ်အဝါရောင်လေးကို ဘောင်းဘီအနက်လေးဖြင့်တွဲဝတ်ထားကာ သူမကိုယ်ပေါ်မှာ တန်ဖိုးကြီးဘာပစ္စည်းမှမရှိ။
သို့သော် ဘယ်အရာကများ၊ ဘယ်လိုဆွဲအားကများ သူမကိုငေးမိအောင်၊ အသံကြားတိုင်းလှည့်ကြည့်မိအောင် ဆွဲဆောင်နေတာလဲ…

"အဆင်ပြေလည်းပြီးတာပါပဲ ထွဋ်ခေါင်ကနင့်ကိုချစ်ပါတယ် ပဲ့ကြွေကျမတတ်ကို ဖူးဖူးမှုတ်ထားတာ"

မခဆီမှ ထွက်လာသည့်စကားကြောင့် အလိုမကျစွာမျက်မှောင်ကုတ်ပစ်လိုက်သည်။
သူမမှာ ချစ်သူရှိနေတာလား…

သူ ခိုးကြည့်နေမိသည့်မျက်နှာလေးသည် ချစ်စဖွယ်အပြုံးလေးဖြစ်သွားကာ သူမကထိုအပြုံးလေးဖြင့် မခကိုမျက်စောင်းထိုးလိုက်၏။
ခေဟာ ပြုံးလိုက်ရင် ပိုပြီးချစ်ဖို့ကောင်းသွားတာပဲ…
ဒါ့အပြင် ထိုအပြုံးလေးသည် သူ့ကိုပြုံးပြသလို ဝတ်ကျေတမ်းကျေအပြုံးမျိုးမဟုတ်။
ချစ်စဖွယ် ရှက်ကိုးရှက်ကန်းအပြုံးမျိုး…

"ကဲပါ နောက်ဆိုခုလိုထွက်ရဖို့လည်းမသေချာတော့ဘူး ဒီနေ့ကျေနပ်တယ်မလား"

သူမ မေးလာတော့ မခက ခေါင်းညိတ်ပြသည်။
သူမကဆိုင်ကယ်ပြန်လာယူတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ရောက်သည်အထိလည်း စကားမပြတ်သေးဘဲ အိမ်ရှေ့မှာပဲရပ်ကာ မခနဲ့ စကားပြောနေကြသေးသည်။

ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးသည် အဝေးက မြင်နေရတာတောင် အသည်းတယားယားနဲ့ စိတ်ရှိလက်ရှိပွေ့ဖက်ပစ်ချင်စရာလေးဖြစ်ကာ ထိုဆန္ဒဟာ သူ့ရင်ထဲမှာအမြစ်တွယ်နေပြီဖြစ်သည်။
သူမရဲ့အစိမ်းရောင်ဆံပင်လေးတွေကရော ထိကိုင်မိရင် ချောမွေ့နေမလား၊ နူးညံ့နေမလား…
သူမရဲ့ပါးဖောင်းဖောင်းလေးကရော နမ်းလိုက်မိရင် အိစက်နေမလား…
နှုတ်ခမ်းလေးတွေကရော ဘယ်လိုအရသာမျိုးဖြစ်မလဲ…

အချစ်ဝိုင်Where stories live. Discover now