ကုတင်ဘီးလုံးလိမ့်သံတို့နှင့်အတူတရှပ်ရှပ်ပြေးသံတို့ကို မိနစ်မခြားတမ်း တသဲ့သဲ့ကြားနေရသည် ။လိုက်ကာလှပ်သံတခါကြားတိုင်း ဟိုဆော့ခေါင်းကိုဆတ်ကနဲထောင်မတ်မိသေးသည် ။ ကုတင်ထောင့်စွန်းကိုပင် ဖျစ်ကိုင်ထားမိသည်ကတင်းကျပ်ကျပ်ရှိလွန်းလှသည် ။
တန်းစီထားသောဘေးကုတင်တို့မှငိုသံတချို့ကိုကြားလျှင် ကြောက်လန့်တကြားထယ်ယောင်းကိုသာမျော်မိပြန်သည်။
နောင်တရတတ်နေပါပြီ။
နောက်များဆို နမော်နမဲ့ပင်မနေရဲတော့ချေ ။သီချင်းညည်းသံလေးကိုနားဖျားတွင် တိုးဖျော့စွာကြားလျှင် လိုက်ကာကြားသို့ချောင်းရသည်။
ဆေးရုံကြွေးပြားခင်းတို့ဝယ်လည်သာဖိနပ်နင်းသည့်အသံတို့က နီးကပ်လာလျှင် ဟိုဆော့တောက်ပစွာပြုံးမိရင်း ကုတင်ထောင့်သို့ရွေ့ထိုင်လိုက်၏
"ယောင်း"
လိုက်ကာဆွဲဖယ်သံသည် ဤမျှနားဝင်ချိုသေးသည် ၊ သူ့အသံအောအောလေးကဟာမိုနီလိုက်လျှင် စောနကအပ်ဖောက်ထားခံရသည့်လက်ခုံကနာကျင်မှုတို့ပင် ကုတင်ခြေရင်းသို့ဆင်းပြေးသွားလေပါသည်။
"ဘာဖြစ်တာလဲ ငိုထားတာလား"
ငိုမဲ့မဲ့လုပ်လာလျှင် ထယ်ယောင်းကကုတင်ထောင့်စွန်းတို့မှရပ်ကာ ခေါင်းကိုဖွဖွလေးထုပါသည် ။
သယ်လာခဲ့သော စားသောက်စရာများပါသည့်ဖော့ဘူးနှင့်ဓာတ်ဘူးတခုကိုလည်းခေါင်းရင်းနားစားပွဲပုလေးတွင်နေရာချတင်ထားလိုက်သည် ။"အ လက်ကနာနေတာနော်"
"ဒါဖြင့်ဒီနေ့သွေးဖောက်ပြီးသွားပြီပေါ့လေ"
"ဟုတ်တယ် ငါတို့ဆေးရုံကနေထွက်ပြေးလိုက်ရအောင်လား"
"ဟား ဟား ဟား ဘာလို့လဲ"
"လူတွေကအော်ဟငိုဟနဲ့ ပြီးရင်ဘယ်တော့သွေးထပ်လာဖောက်မလဲပဲစိုးရိမ်နေရတာ ယောင်းရယ်ငါဒီမှာမနေချင်တော့ဘူး"
အညိုရောင်ရှပ်အကျီဖျားတို့ကို လက်လှလှလေးတို့နှင့်ကျိတ်ချေလာသူ ။ တုန်ယင်နေသည့်မေးဖျားတို့ကဟိုဆော့ဘယ်လောက်ကြောက်နေခဲ့မှန်း ထယ်ယောင်းခန့်မှန်းစေမိပါသည်။