ခြံဝန်းကျယ်လေးတခုရှေ့ရောက်တော့ ဂျောင်ကုကားဘရိတ်ကိုအုပ်လိုက်ပါသည် ။ယိမ်းထိုးကျနေသောခေါင်းပွယောင်းယောင်းလေးက ရှေ့သို့ငိုက်စိုက်ကျကာ ကားရှေ့မှန်ကိုမိတ်ဆက်မည်အပြုတွင်ခပ်နွေးနွေးဖဝါးပြင်တခုကနဖူးသားတို့ဝယ်ဖမ်းထိန်းလာတော့သည် ။
တလမ်းလုံးစိတ်လက်အေးစွာ လိုက်ပါခဲ့သော အိပ်မှုန်စုတ်ဖွားလေးက မျက်ခွံမို့မို့တို့ကိုလက်သီးစုပ်ငယ်လေးနှင့်ပွတ်သပ်နေသေးသည်
အပြည့်ဝနိုးဟန်တော့မပေါ်သေးပေ ။
ဆေးရုံနှင့်ဂျောင်ကုအိမ်က ၁နာရီတောင်မကြာသောခရီးတိုတခုသာ ၊
ခြံထဲကားရပ်ပြီးသည်အထိ ဆော့ဂျင်ပတ်ဝန်းကျင်ကိုအကဲခတ်မှုတို့မပြီးမြောက်နိုင်သေး ။
အတန်ကျယ်ဝန်းသော ခြံဝန်းပြင်ဟာ အလှပျိုးပန်းပင်နှင့်ပန်းအိုးငယ်တို့မဆိုထားနှင့် ၊ ခြုံနွယ်တို့ပင်မရှိပဲရှင်းလင်းလျက်သာနေသည် ။
ခြံအဝတွင်တခမ်းတနားထုတ်ပိုးထားသော အထုပ်တခုရှိနေသည်
ခြံထောင့်ဝယ် သစ်ပင်ခပ်မြင့်မြင့်တပင်သာရှိနေသည်။
နောက်ထောင့်တဖက်နားဝယ် ကား၃စီးအပြိုင်ထိုးရပ်ထားလေသည် ။
အိမ်မျက်နှာစာပိုင်းအပြင်ဆင်ကိုကြည့်ရုံနှင့် ကြီးကျယ်ထည်ဝါမှုကို ခန့်မှန်းရမိသည် ။အိမ်အတွင်းပိုင်းအပြင်ဆင်ကို ထပ်မြင်တွေ့ရလေလျှင် ဆော့ဂျင်အံ့ဩရသည်က သူ့နှုတ်ခမ်းဖူးတို့ပင်ပွင့်အာလာလေသည် ။
ဧည့်ခန်းထဲမှ အနံ့သင်းသင်းလေးတခုက ထိုအိစက်နေသောဆိုဖာရှည်ကြီးတွင်လာထိုင်လှည့်ပါဟုဖိတ်ခေါ်နေဟန်ပင် ။
ထိုင်ချလိုက်လေလျှင် တကိုယ်လုံးသိမ်းဖက်ခံရသည့်အတိုင်းနစ်ဝင်သွားသည်ကြောင့် ဆော့ဂျင်အားယူကာမတ်မတ်ပြန်ထိုင်လိုက်ရပါသည် ။
"ဒါမင်းအိမ်လား"
ဂျောင်ကုကဝတ်လာသောအပေါ်ထပ်ကို ဆိုဖာတဖက်ထောင့်သို့ပစ်တင်သည် ၊ လက်ကောက်ဝတ်နားမှရှပ်အကျီကျယ်သီးကိုတလုံးစီဖြုတ်နေကာ လက်ဖျံနားတို့ထိလက်ကိုခေါက်တင်ရင်း ဆော့ဂျင်ဘက်သို့လှည့်ကြည့်လာပါသည် ၊ ပြုံးသည်ကနှုတ်ခမ်းပါးတို့တွန့်ကွေးရုံလေးမျှသာ ။ ခေါင်းကိုတချက်ညိတ်ကာ သူအဖြေကိုပေးသေးသည် ။