Unicode
" ဖေ "
ခေါ်သံနှင့်အတူ လက်ကောက်ဝတ်ပေါ်သို့ရောက်ရှိလာသည့် လက်ဖောင်းဖောင်းလေး ။ သက်နိုင်က ပြောလေဆိုသည့်သဘောဖြင့် မေးဆတ်ပြတော့ သန့်က အိမ်ထဲကို ခေါင်းလှည့်ကြည့်ပြီးမှ လက်မနှင့်လက်ညှိုးလေးကို အဝိုင်းသဏ္ဍာန်လုပ်ပြလာသည် ။
" မင်းရဲ့မေ ဖေ့ကိုပြောလိမ့်မယ် သားရဲ့ "
သန့်က ဆုပ်ကိုင်ထားသည့်လက်ကိုလွှတ်ပေးပြီးမှ မျက်နှာငယ်လေးဖြင့်မော့ကြည့်လာ၏ ။
" ဖေကလဲ သန့် မပြောရင် မေ မသိပါဘူး "
" သန့်က စကားပြောရင်းနဲ့ ဖေ မုန့်ဖိုးပေးတဲ့အကြောင်းကိုပြောမိမှာပဲလေ ၊ အဲဒီအခါကျရင် မေက ဖေ့ကို စည်းကမ်းဖျက်ရမလားဆိုပြီးပြောမှာ ဖေ့သားရဲ့ "
ထိုအခါ သန့်က လက်နှစ်ဖက်လုံးဖြင့်ပါးစပ်ကိုပိတ်ကာ ခေါင်းကိုလည်း ဘယ်ပြန်ညာပြန်ခါယမ်းပြပြီးမှ ပါးစပ်ပေါ်ရှိလက်များကိုဖယ်၍ ညာဘက်လက်ညှိုးလေးကို မိုးပေါ်သို့ထောင်လိုက်သည် ။
" သန့် ကတိပေးတယ်...သန့် ကတိပေးတယ်နော် ဖေ ၊ သန့် လုံးဝမပြောဘူးစိတ်ချ ၊ လုပ်ပါ ဖေရဲ့ ၊ သန့်လေ ကျောင်းမှာရောင်းတဲ့ ဝက်နံရိုးကြော်လေးစားချင်လို့ပါ "
" ဟာကွာ "
" ဖေ သန့်ကိုမချစ်ဘူးလား...ဖေ သန့်ကိုမချစ်တော့ဘူးလား "
အညှာကိုပီပီပြင်ပြင်ကိုင်လာသောအခါ ပြောစရာစကားမဲ့ရပါသည် ။ သားဖြစ်သူ၏ဆန္ဒကိုဖြည့်ပေးချင်သလို ဇနီးဖြစ်သူ၏သားအပေါ်ထားသော စိတ်စေတနာကိုလည်းသိနေသောကြောင့် ကြားထဲတွင်နေရခက်၏ ။ မွန်က သားကို တတ်နိုင်သမျှအပြင်စာမကျွေးပေ ။ နံနက်မုန့်ကျွေးလျှင်လည်း အပြင်မှာမကျွေးဘဲ အိမ်တွင်သာ စားခိုင်း၏ ။ သားကလည်း သားပင် ။ အပြင်မှာဆိုလျှင် တွေ့ရာမြင်ရာများကိုလက်ညှိုးထ်ိုးပြီး စားမည်ဟု ဂျီကျတတ်သည်မှာ အမြဲလိုလို ။
" ချစ်တာပေါ့ကွာ "
" ချစ်တယ်ဆိုရင် မုန့်ဖိုးပေးလေ ဖေရဲ့... နော် ၊ မဟုတ်ဘူးဆိုရင် သန့်က ဆိုင်ရှေ့မှာငုတ်တုတ်ထိုင်ပြီး သူများစားတာတွေကို သွားကြည့်ပစ်မှာ "
YOU ARE READING
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)
Romanceဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) 25/11/2022-----30/6/2023