Unicode
တဖွဲဖွဲကျနေသောမိုးရေစက်များကြောင့် နံနက်ခင်းရာသီဥတုလေးမှာ ချမ်းစိမ့်စိမ့် ။ ပထမဆုံးကျောင်းဖွင့်ရက်တွင် ကျောင်းသို့ အစောဆုံးရောက်အောင်သွားချင်သည့် ပုလဲကြောင့် သူတို့လေးယောက် ကျောင်းရှေ့ကိုရောက်ချိန်၌ ကျောင်းတံခါးမကြီးပင် မဖွင့်သေးချေ ။ တစ်မိနစ်ခန့်ကြာမှ ကျောင်းစောင့်ဦးလေးကြီးက အပြေးအလွှားလာပြီး တံခါးဖွင့်ပေး၏ ။
" အစောကြီးပါလားကွ "
" ဟီး...ဟီး...နေရာလာဦးတာ "
လေးယောက်ထဲတွင် နှုတ်အသွက်ဆုံးဖြစ်သည့် သန့်က ကျောင်းစောင့်ဦးလေးကြီးကို စကားပြန်ပြောလိုက်၏ ။ ထိုအခါ ဦးလေးကြီးက အပြုံးမျက်နှာဖြင့် ခေါင်းညိတ်ပြလာလေသည် ။ ကျောင်းထဲကိုခြေချလိုက်သည်နှင့် ပျော်ရွှင်မှုကြောင့် ခြေထောက်များမှာ တက်တက်ကြွကြွ ။
သန့်က ဆောင်းထားသည့်ထီးကို မော့ကြည့်ပြီး
" ကောင်း ငါ ထီးပိတ်လိုက်ရမလား "
" မပိတ်နဲ့ သန့် ၊ မိုးရေစိုရင် အင်္ကျီဖြူတွေကို ဖားဥစွဲလိမ့်မယ် "
" အင်း...အင်း...အဲဒါဆို မပိတ်တော့ဘူးနော် "
သန့် ကောင်း ပြောမှသာ သတိထားမိ၏ ။ ထီးမဆောင်းဘဲနေလျှင် အဖြူရောင်ကျောင်းအင်္ကျီလေး မိုးရေစိုပြီး ဖားဥစွဲသွားနိုင်သည်ကို သန့် မေ့သွား၍သာ ထီးပိတ်လိုက်မည်ဟု ပြောမိခြင်းပင် ။
" သန့် "
" ဟင် "
သန့်က ထီးမှတစ်ဆင့်ကျလာသော မိုးရေစက်များကို လက်ဖဝါးဖြင့်ခံနေရာမှ ဘေးဘက်ရှိ ကောင်းကို ခေါင်းလေးစောင်း၍ကြည့်လိုက်၏ ။
" ဖြည်းဖြည်းလျှောက် သန့် ၊ မင်း မြန်မြန်လျှောက်ရင် ပုဆိုးကို ရွှံ့ရေတွေစဉ်လိမ့်မယ် "
" အေးပါကွ "
" ဟဲ့... ကောင်း... ငါနဲ့ယုယကိုလဲ ဖြည်းဖြည်းလျှောက်လို့ပြောလေ "
ပုလဲဆီမှထွက်လာသည့် စွာတာတာအသံလေးကြောင့် သန့်က အသံထွက်အောင်ရယ်မိပြီး ယုယကတော့ နှုတ်ခမ်းလေးတွန့်ရုံပြုံးမိ၏ ။ ထမင်းချိုင့်နှစ်ချိုင့်ကို လက်တစ်ဖက်စီတွင်ကိုင်ထားသည့် ကောင်းကတော့ ရှေ့ဘက်သို့သာတည့်တည့်ကြည့်လျက် ။
YOU ARE READING
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)
Romanceဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) 25/11/2022-----30/6/2023