Episode (28)

1.3K 138 46
                                    

Unicode

နံနက်ငါးနာရီသာရှိသေးသဖြင့် အလင်းရောင်မှာ ဝိုးတဝါးသာရှိနေခဲ့ကာ လူသွားလူလာလည်း သိပ်မရှိသေးပေ ။ လူအများစုမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလိမ့်မည် ။ ထိုအထဲတွင် သန့်မင်းဉာဏ်လည်း အပါအဝင်ဖြစ်မည်မှာ မလွဲဧကန် ။

နှစ်ရက် ၊ သန့်မင်းဉာဏ်၏မျက်နှာကို အနီးကပ်မမြင်ရသည်မှာ နှစ်ရက်ရှိနေပြီဖြစ်၏ ။ ထိုမျက်နှာလေးကို အနီးကပ်ကြည့်ရှုချင်သလို အသံချိုချိုလေးကိုလည်း နားဖြင့်ဆတ်ဆတ်ကြားချင်လှသည် ။ တစ်ယောက်တည်းအတွေးများပြီး တစ်ယောက်တည်းသာ ပြိုလဲရသည့်ဘဝ ။ ဘေးဘက်ကြည့်တော့လည်း ထွေးပွေ့စာနာမည့်သူမရှိ ။
လူအများလိုချင်မက်မောသည့် ဥစ္စာဓနများမှာ သူ့ထံတွင် သုံးမကုန်ဖြုန်းမကုန်အောင်ရှိနေသော်လည်း မေတ္တာအပြည့်ဖြင့် ဖေးမပေးမည့်သူကိုတော့ သူ မပိုင်ရသေးပေ ။

သူ့ဘဝ၏ပျော်ရွှင်ခြင်းများ ပျောက်ဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၏ ။ ကလေးဘဝတွင်လည်း အခြားကလေးငယ်များကဲ့သို့ လွတ်လွတ်လပ်လပ်မရယ်နိုင် ၊ မပျော်ရွှင်နိုင် ၊ မကစားနိုင်ခဲ့သလို ကြီးမားလှသောအကြောက်တရားတစ်ခုကြောင့် အမြဲစိုးထိတ်နေရပြန်သည် ။ ငယ်ဘဝအကြောင်းစဉ်းစားလိုက်သည်နှင့် စိတ်မှာ နောက်ကျိရှုပ်ထွေးလာပြီး အသက်ရှူ၍မဝသလိုမျိုး ရင်ဘတ်ထဲတွင်ခံစားလာရ၏ ။

သန့်မင်းဉာဏ်ကတော့ သိပ်ကံကောင်းသည့် ကလေးဘဝကို ပိုင်ဆိုင်ခဲ့ရ၏ ။ ဓာတ်ပုံများထဲတွင်ပြုံးရယ်နေပုံမှာ အပူအပင်မရှိဘဲ လွတ်လွတ်လပ်လပ်သဏ္ဍာန်အပြည့် ။ ထိုအပြုံးမျက်နှာလေးကို ပထမဆုံးတွေ့ရကတည်းက သူ့စိတ်နှလုံးမှာ လေပြည်လေညင်းများဖြတ်တိုက်သွားသလိုမျိုး ငြိမ်းအေးခဲ့ရသည် ။ သူ့နှလုံးသားက သူ့ဦးနှောက်ကို သတင်းလှမ်းပို့သည်မှာ ထိုကောင်လေးကို အပိုင်ရရေး ကြိုးစားသင့်သည်ဟု ဖြစ်၏ ။

သန့်မင်းဉာဏ်၏ ထူထဲသောဆံပင်နက်နက်များကို သူ သိပ်ပြီးသဘောကျသည် ။ မျက်ခုံးထူထူလေးများကိုလည်း လက်ညှိုးထိပ်လေးဖြင့် ပွတ်သပ်ထိတွေ့ချင်သလို နှာတံမြင့်မြင့်ထဲမှထွက်ရှိလာသည့် လေနွေးနွေးကိုလည်း သူ့ပါးပြင်ပေါ်သို့ တိုးဝှေ့စေချင်ပြန်၏ ။ ထိုကောင်လေးဆီမှ အမြဲလိုလို ရရှိတတ်သည့်ရနံ့သင်းသင်းလေးကိုလည်း သူ အထူးတလည် နှစ်ခြိုက်လေသည် ။ နေမြင့်လေ အရူးရင့်လေဆိုသည့် စကားလိုပင် သူ့စိတ်အစဉ်မှာလည်း သန့်မင်းဉာဏ်ကြောင့် မတည်ငြိမ်တော့ပေ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now