Unicode
အမြဲတမ်းတပူးပူးတတွဲတွဲရှိနေခဲ့သည့် ကောင်းက ဘေးဘက်တွင်မရှိသောအခါ နေရသည်မှာ ဟာတာတာ ။ ကောင်း ထိုင်နေကျနေရာကိုကြည့်မိတော့ ဝမ်းနည်းစိတ်မှာလှိုက်တက်လာကာ တံတွေးကိုလည်း ခဏခဏမျိုချနေမိသည် ။ နေမကောင်းဖြစ်နေသည့် ကောင်း၏ပုံသဏ္ဍာန်လေးမှာ သန့်၏အတွေးများကို စိုးမိုးထားပြန်တော့ စာထဲတွင်မည်သို့မှ စိတ်နှစ်၍မရပေ ။
ကောင်း သက်မှသက်သာရဲ့လား ။
ဆယ်တန်းစာမေးပွဲဖြေရန် နီးကပ်လာပြီဖြစ်သောကြောင့် စာသင်ဝိုင်းရှိ ဆရာ ၊ ဆရာမများက သန့်တို့ကို သေချာအနီးကပ်ဂရုစိုက်ပေးသလို သန့်တို့ဘက်ကလည်း ဆရာ ၊ ဆရာမများ၏ သင်ကြားပြသမှုများကို သေချာလိုက်နာကြ၏ ။ ရှေ့ဘက်ရှိ သင်္ချာမေးခွန်းဟောင်းစာအုပ်ကို သတိလက်လွတ်ငေးမောကြည့်နေမိချိန် ပခုံးပေါ်ရောက်ရှိလာသည့် အထိအတွေ့ကြောင့် အတွေးစများမှာ ပြယ်လွင့်သွားကာ ခေါင်းမော့ကြည့်မိသည် ။ သင်္ချာဆရာမက သန့်၏မျက်နှာကို ဂရုတစိုက်ကြည့်နေပြီးမှ အတက်အကျမရှိသောအသံဖြင့် စကားပြောလာ၏ ။
" သန့်မင်းဉာဏ် ... သားကော နေမကောင်းဖြစ်နေတာလား "
" ဗျာ "
" သားရဲ့မျက်နှာက မလန်းဆန်းဘူးဆိုတော့ နေမကောင်းများဖြစ်နေတာလားလို့ "" ကောင်းပါတယ် ဆရာမ "
" စာမေးပွဲကနီးနေပြီဆိုတော့ စိတ်ပူလို့မေးကြည့်လိုက်တာ ၊ ကဲ...ကဲ...တွက်ခိုင်းထားတာတွေ ပြီးပြီလား "
ဆရာမက သန့်၏စာအုပ်ကို အကဲခတ်ရင်းမေးလာသဖြင့် ခေါင်းကိုသာခါပြမိသည် ။
" စာထဲကိုအာရုံစိုက်ကွယ် ၊ ကောင်းသုတကျော်ကလဲ ရိုးရိုးဖျားတာဆိုတော့ ပြန်ကောင်းမှာပါ သားရဲ့ ၊ သန့်မင်းဉာဏ်ကတော့ သူငယ်ချင်းမပါလာတာနဲ့ မျက်နှာကိုပျက်နေတာပဲ "
ဆရာမကို ပြုံးရုံသာပြုံးပြမိ၏ ။ တကယ်လည်း စိတ်မပျော်ပေ ။ ကောင်း ရှိနေစဉ်က သိပ်ပြီးမသိသာလှသော်လည်း ကောင်း အနားတွင်မရှိသည့်အခါ ပြုံး၍ပင်မရတော့ ။ စာထဲတွင် စိတ်မရှိသည့်အခါ တွက်သမျှက အလွဲလွဲအချော်ချော် ။ ဖျက်ရာ ဗရပွနှင့်သင်္ချာစာအုပ်ကို စိုက်ကြည့်ပြီး သက်ပြင်းချမိသည်မှာ အကြိမ်ကြိမ် ။ ယခင်ကဆို သင်္ချာတွက်လျှင် အရင်ပြီးတတ်သော်လည်း ယခုတော့ နောက်ဆုံးမှတွက်ပြီး၏ ။ ပုလဲနှင့်ယုယပင် ဆရာမဆီသွားပြီး စာအုပ်ထပ်နေပြီဖြစ်သော်လည်း သန့်ကတော့ ငေးငေးငိုင်ငိုင်ထိုင်နေမိဆဲ ။
YOU ARE READING
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)
Romanceဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) 25/11/2022-----30/6/2023