Episode (19)

1.7K 175 76
                                    

Unicode

တက္ကသိုလ်ကျောင်းဝင်းထဲကိုဝင်လိုက်သည်နှင့် သိသိသာသာခံစားရသော အအေးဓာတ်ကြောင့် ပုလဲ လက်လေးနှစ်ဖက်ကို ပိုက်မိသွား၏ ။ သည်နှစ်ဆောင်းက သိသိသာသာအေးလွန်းပြီးတော့ ဖျားနာသူလည်း ခပ်များများ ။

လမ်းမကြီးတစ်လျှောက်အုပ်မိုးထားသည့် အပင်ကြီးများတွင်လည်း နှင်းစက်လေးများတွဲခိုလျက်ရှိနေကြသည် ။ ထိုအချိန် လေပြင်းပြင်းတစ်ချက်တိုက်သွားသည့်အတွက် သစ်ရွက်များမှာလှုပ်ခါသွားသလို သစ်ရွက်များတွင်ခိုတွဲနေသည့် နှင်းစက်များမှာလည်း အောက်ဘက်သို့ အလုအယက်ခုန်ဆင်းလာခဲ့၏ ။ ပတ်ဝန်းကျင်မှာလည်း ကြည်ကြည်လင်လင်ရှိမနေဘဲ မှုန်မှိုင်းရီဝေနေကာ လွမ်းလွမ်းဆွေးဆွေးသဏ္ဍာန်ပေါ်လျက် ။

ဘေးဘက်ရှိ ယုယကို ခေါင်းစောင်းကြည့်မိသည်နှင့် ပုလဲ အလိုလိုပြုံးမိသွားပြန်၏ ။ ယုယ၏ နားရွက်လေးနှင့် နှာခေါင်းထိပ်လေးမှာ အနည်းငယ်ရဲနေကာ ခြေဖျားများတွင်လည်း အနီရောင်သန်းနေသည် ။ နှစ်လက်မခန့်ထူသောဖိနပ်ကိုစီးထားသော်လည်း ယုယ၏အရပ်မှာ ပုလဲထက်စာလျှင် အနည်းငယ်ပုနေဆဲပင် ။

အနွေးထည်အင်္ကျီအနီရောင်လေးကို အပေါ်မှထပ်ဝတ်ထားသည့် ယုယက အေးအေးဆေးဆေးလမ်းလျှောက်နိုင်သော်လည်း ပုလဲကတော့ လေတစ်ခါတိုက်သည်နှင့် ခန္ဓာကိုယ်မှာ ဆတ်ခနဲတုန်ယင်သွားလေသည် ။ မေကြီးက အနွေးထည်အပါးတစ်ထည်ဝတ်သွားရန် ပြောသော်လည်း အလုပ်ရှုပ်သည်ဟူသော အကြောင်းပြချက်နှင့် မဝတ်ခဲ့ပေ ။

" အေးလိုက်တာဟာ "

သွားကြားထဲမှစိမ့်ထွက်လာသည့် အသံမျိုးဖြင့်ပြောမိသောအခါ ဘေးဘက်ရှိ ယုယက ပုလဲ၏ခါးလေးကို လက်တစ်ဖက်ဖြင့်ဖက်ပေးလာ၏ ။ အသားချင်းထိလိုက်တော့ အနည်းငယ် နွေးထွေးသွားသလိုပင် ။

" နောက်ရက်ကျရင်တော့ အနွေးထည်လေးဝတ်နော် ပုလဲ "

စကားပြောသည့် အသံလေးမှာလည်း သိမ်သိမ်မွေ့မွေ့ ။

" အလုပ်ရှုပ်လို့ပါဟာ ၊ အနွေးထည်ကြီးတကားကားနဲ့တော့ အာရုံနောက်လို့လေ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now