Episode (12)

2K 208 34
                                    

Unicode

ကောင်းက နံနက်ခြောက်နာရီခွဲသည်နှင့် ကျောင်းကားပေါ်သွားရသလို လဲ့နှင့်ဇာနည်ကလည်း နံနက်ရှစ်နာရီဆို ဖယ်ရီကားပေါ်အရောက်သွားရ၏ ။ ထို့အတွက်ကြောင့် ညကတည်းက ဟင်းများကို ဆီသတ်ထားရလေသည် ။ နံနက်မှသာ ထချက်လျှင် ကောင်းကို ထမင်းချိုင့်ထည့်ပေးရန် အဆင်မပြေလှပေ ။

ကြက်သားဟင်းကိုဆီသတ်ပြီး ရေနွေးအနည်းငယ်ထည့်၍ ချက်ထားချိန် အရည်သောက်ချက်ရန်အတွက် ချဉ်ပေါင်ရွက်လေးကို အရွက်ခြွေထားဦးမည်ဟု စဉ်းစားမိသဖြင့် ခန္ဓာကိုယ်ကို နောက်ဘက်သို့လှည့်လိုက်၏ ။ သို့ရာတွင် အဆင်သင့်ခြွေပြီးသား ချဉ်ပေါင်ရွက်များမှာ စားပွဲပေါ်တွင် အဆင်သင့် ။

ဇာနည်ကတော့လေ ဆိုသည့် စကားတစ်ခွန်းနှင့်အတူ ကြည်ကြည်နူးနူးပြုံးမိသွား၏ ။ ခင်ပွန်းကောင်းကိုရထားသည့်အခါ ငွေကြေးဥစ္စာမကြွယ်ဝသော်လည်း စိတ်ကတော့ အတော်လေးချမ်းသာရပါသည် ။ ချဉ်ပေါင်ရွက်များကို ကော်စကာထဲပြောင်းထည့်ပြီး ဘေစင်ဘက်သို့ ပြန်လျှောက်သွားစဉ်

" မေမေ "

ဆိုပြီး နောက်ဘက်မှခေါ်သံကြောင့် လဲ့ ခေါင်းစောင်း၍ကြည့်မိတော့ ကောင်းက လက်ထဲတွင်တစ်ထောင်တန်အချို့ကိုကိုင်ထားပြီး လဲ့၏မျက်နှာကို သေသေချာချာကြည့်နေ၏ ။ ပုံမှန် သည်အချိန်ဆိုလျှင် ကောင်းက သူ့အခန်းထဲတွင်သာနေတတ်သူ ။ ညစာထမင်းစားသောက်ပြီးသည်နှင့် စားပြီးသားပန်းကန်အိုးခွက်အပေများကို ဆေးပေးပြီး အခန်းထဲဝင်သွားလျှင် တော်ရုံပြန်ထွက်မလာတော့ပေ ။

လဲ့က လက်ထဲရှိစကာကို ဘေစင်ထဲထည့်ပြီးမှ ကောင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်ရပ်လိုက်၏ ။

" ပြောလေ သား ၊ မေမေ့ကို ဘာပြောစရာရှိလို့လဲ "

" ဒါလေး "

ကောင်းက လက်တစ်ဖက်တည်းဖြင့်ကိုင်ထားသည့် ပိုက်ဆံများကို လက်လေးနှစ်ဖက်ဖြင့်ကိုင်ပြီး လဲ့ဆီသို့ပေးလာသည့်အခါ လဲ့က ပိုက်ဆံများကိုကြည့်လိုက် ၊ ကောင်းကိုကြည့်လိုက်ဖြင့် စက္ကန့်အနည်းငယ်တော့ အလုပ်များသွားရသည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now