Chapter (17)

44 5 0
                                    



" အင်း ၊ မင်္ဂလာဆောင်ကိုတော့သွားလိုက်လေ။တစ်သောင်းလောက်တော့ လက်ဖွဲ့လိုက်ပေါ့။အမေ့အမျိုးပဲဟာ...."

" ငါက မသွားချင်ပါဘူး ၊ နင့်အဖေက ကိုယ့်အမျိုးပဲသွားပေါ့တဲ့ "

အမျိုးဆိုလျှင် အမေ့ဘက်ကအမျိုးများမှာ တစ်ယောက်မှကိုမကောင်းပါချေ။ငယ်စဉ်ကတည်းက ငွေမရှိလျှင်နှိမ်၍ ရွှေမရှိလျှင်လူရာမသွင်းချင်သည့် အမေ့ဘက်ကအမျိုးများကို သူနှင့်သူ့အမေကတော့ ဆွေခန်းမျိုးခန်းဖြတ်ထားတာ ကြာခဲ့လေပြီဖြစ်၏။အခုတော့ အမေ့တစ်ဝမ်းကွဲမောင်လေး၏ မင်္ဂလာဆောင်ဖိတ်စာမှာ အိမ်သို့ရောက်လာခဲ့၏။အမေကတော့ သွားမည်မဟုတ်ပေ။အဖေကတော့ သွားခိုင်းမှာပေါ့ ၊ သူ့စိတ်ထဲမှာ အမျိုးအဆွေဆိုတာ အမြဲတမ်းသွေးချင်းနီးနေရမည်ဟု သတ်မှတ်ထားတာဖြစ်သည်။

" သွားပေါ့ ၊ လက်ဖွဲ့တန်အောင်အဝစားပြီး ပါဆယ်ဘူးထုပ်ခဲ့လိုက်။မင်္ဂလာဆောင်က ဘာကျွေးမှာတဲ့လဲ"

" ဒန်ပေါက်နဲ့ရေခဲမုန့်လို့ ကြားတာပဲ "

" ဒန်ပေါက်ဆို အမေ့အကြိုက်ပေါ့ ၊ အဝစားပြီးသုံးဘူးလောက်အိမ်ပြန်သယ်သွားလိုက်"

သူ့အမေက ရယ်သည်။

" အေးလေ ၊ အိမ်ကလူတွေစားဖို့ပြန်သယ်သွားဦးမယ်ဆိုပြီး ပြန်ထည့်လာခဲ့ဦးမယ်။ညအိပ်ရင် ဘုရားရှိခိုးဖို့မမေ့နဲ့နော်...ဒါပဲသိလား"

" ဟုတ် "

ဖုန်းသည် ကျသွားခဲ့၏။ဖုန်းပြောပြီးသွားချိန်တွင် သီဟသည် သူ့ကိုမေးလာသည်။

" ဦးဝေမင်္ဂလာဆောင်လား "

" အင်း...သန်ဘက်ခါတဲ့ "

" ငါက သူ့ကိုအိမ်ထောင်မပြုတော့ဘူးထင်တာ ၊ ဘယ်သူနဲ့လဲ "

" နာမည်တော့မသိဘူး ၊ တစ်ခုလပ်နဲ့လို့ပြောတာပဲ။စီးပွားဖက်ဘာညာတဲ့။သတို့သမီးအဖေကသဘောမတူဘူးပြောပေမဲ့ သတို့သမီးက မရမကဆိုလို့ မင်္ဂလာပွဲကအထမြောက်သွားတာတဲ့"

" ဪ "

သီဟက အာမေဋိတ်ပြု၍ ဖုန်းကိုဆက်သုံးနေလေသည်။သူလည်း မနက်စာချက်ဖို့ မီးဖိုချောင်ထဲဝင်လာခဲ့သည်။မီးက အစိုးရသည်မဟုတ်ပေ ၊ ဘယ်အချိန်ပျက်သွားမလဲတွေးပူပြီး မချက်ဖြစ်ရင်လည်း တစ်နေကုန်သွားဦးမည်။ဟင်းချက်တာကတော့ ကိစ္စမရှိပေ ၊ ထမင်းချက်လျှင်သာ အလဟဿဆုံးရှုံးမှာ စိုးရိမ်ရတာဖြစ်သည်။ဒီနေ့တော့ ညကထမင်းကြမ်းရှိသေး၍ ဒယ်အိုးထဲခြေထည့်ပြီး ထမင်းကြော်ဖို့လုပ်သည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now