Chapter (37)

79 4 0
                                    


( သုံးနှစ်ခန့်ကြာပြီးသည့်နောက် )

ထိုနေ့က တွေ့ဆုံခဲ့ပြီးနောက်မှာတော့ ဆွေးနဲ့ထပ်မတွေ့မရတော့ပေ။သူ့ကိုဖုန်းလည်းထပ်မဆက်လာသလို စာတစ်စောင်ပင်ပို့မလာခဲ့။လက်ပံကတော့ နိုင်ငံရပ်ခြားကိုခရီးထွက်သွားသည်ဟုသာကြားလိုက်ရပြီး သတင်းမှာစုံးစမြုပ်စ။သူကတော့ ဒီကအလုပ်တွေလက်စသတ်ပြီး သီဟနှင့်အတူတူအနောက်နိုင်ငံတစ်နိုင်ငံသို့ ထွက်ခွာလာခဲ့သည်။

အခုဆို ဒီကိုရောက်နေသည်မှာ သုံးနှစ်နီးပါးပင်ရှိတော့မည်ဖြစ်သည်။
သီဟနှင့်သူလည်း အလုပ်လုပ်ရင်း သည်နိုင်ငံကိုအသားကျအောင် တစ်နှစ်လောက်နေခဲ့ရ၏။အခုတော့ အိမ်ကိုလွမ်းမိသည်မှအပ တခြားထွေထွေထူးထူးတွေလည်း မခံစားရတော့ပေ။တစ်ခါတလေ ဆွေးကို သတိရခြင်းတော့ ရှိတာပင်။

" မနက်စာ ဘာချက်လဲ "

နွားနို့ကိုအပူပေးနေရင်း အနောက်ကနေ သီဟ၏ အသံကိုကြားလိုက်ရ၏။လှည့်ကြည့်လိုက်တော့ သီဟမှာအလုပ်သွားဖို့အဆင်သင့်ဖြစ်နေလေပြီ။

" ပဲပြုတ်နဲ့ထမင်းဆီဆမ်းထားတယ် "

သီဟက ပြုံးသွားပြီး ခုံတွင်ဝင်ထိုင်သည်။သူက အေပရွန်ဝတ်ထားသည့် မြေ့ကိုကြည့်၍ မျက်ခုံးပင့်ပြကာ ဆိုသည်။

" အိမ်ကိုလွမ်းနေလို့လား "

" မဟုတ်ပါဘူး ၊ မနေ့က မြန်မာတစ်ယောက်နဲ့တွေ့တော့ မြန်မာဒေသထွက်ရောင်းတဲ့နေရာညွှန်ပေးလိုက်လို့ သွားဝယ်ထားတာ။ငါးရံ့ခြောက်တောင်ရလာသေးတယ် ၊ သုပ်ဖို့ပဲကျန်တော့တယ် ခဏစောင့် "

မြေ့က နွားနို့ပူပူလေးကို ချ၍ ခဏလောက်အအေးခံကာ ကင်ပြီးထားသည့်ငါးရံ့ခြောက်ကို သုပ်လိုက်သည်။သုပ်ပြီးသွားမှ ပန်းကန်ထဲထည့်ပြီးလက်ဆေးသည်။ယင်းနောက် သူလည်း မနက်စာစားဖို့ ခုံတွင်ဝင်ထိုင်လိုက်သည်။

" အိမ်ကိုအလည်ပြန်မလား ၊ နောက်လဆို ငါ နားရက်ရှည်ရတယ် "

သီဟက ပြော၏။မြေ့ ထမင်းစားနေရင်း ခေါင်းမော့ကြည့်လိုက်သည်။

" မင်း ပြန်ချင်လို့လား "

" အင်း ၊ အိမ်ကိုသတိရတာလည်းပါတယ် "

ဆွေးမြေ့ ( Complete )Where stories live. Discover now