Chapter (20)

47 8 1
                                    


ဘယ်လောက်တောင်သောက်၍ မူးမေ့မှောက်နေသည်လဲမသိပေ။သူတို့စတွဲစဉ်ကတည်းက ဆွေးထံပါးမှ အရက်နံ့နှင့်ဘီယာနံ့များ တစ်ခါသော်မျှမရဖူးပေ။စီးကရက်အနံ့သာ ရံဖန်ရံခါရတတ်သည်။

တက္ကစီကားလေးမှာ ညအလယ်တွင် လမ်းမီးတိုင်အောက်၌ အရှိန်ဖြင့် မောင်းနင်နေပေသည်။ဆွေးတို့အုပ်စုသောက်စားသည့်ဆိုင်မှာ သူနှင့်
သိပ်မဝေး၍ မကြာခင်မှာပင်ရောက်သွား၏။သူ ကားသမားကိုပိုက်ဆံထုတ်ပေး၍ မှာထားလိုက်သည်။

" ခဏပဲကြာမှာ ဦးလေး ၊ စောင့်လို့ရတယ်မလား "

" ရတယ် ရတယ် "

ထို့နောက်တွင် မီးရောင်စုံတလက်လက်ထနေသည့် စားသောက်ဆိုင်အတွင်းသို့ သူဝင်လာခဲ့၏။ဆိုင်မှာ အပြင်ဘက်အခြမ်းတွင်လည်း ခုံများခင်းကျင်းထားပြီး အတွင်း၌လည်း ခုံဝိုင်းများမှာ လူစည်နေလေသည်။သူ ‌ဆွေးတို့ကိုရှာ၍ မတွေ့သောကြောင့် ဖုန်းခေါ်လိုက်သည်။ဖုန်းမှာ ချက်ခြင်းမကိုင်လာပေ။ခဏအကြာတွင်မှ လျှာလေးအာလေးနှင့်ဆွေး၏အသံကို ကြားလိုက်ရသည်။

" မြေ့ ...ကိုယ့်ဆီလာနေတယ်ဆို "

" ဟုတ်တယ် ၊ မင်းတို့ ဘယ်နားမှာလဲ "

သူသည် ဆိုင်အတွင်းသို့ဝေ့ကြည့်၍မေးလိုက်၏။

" ကိုယ်တို့က ဆိုင်ရဲ့အခန်းထောင့်နား‌မှာ ၊ ညာဘက်ထောင့်နား "

ညာဘက်ထောင့်နားဆို၍ မီးရောင်ခပ်မှိန်မှိန်သာရှိနေသော ဆိုင်ထောင့်သို့အကြည့်ကရောက်သွားသည်။ထိုနေရာတွင်တော့ အလှစိုက်အပင်တချို့ရှိနေပြီး တော်တန်ရုံလူမမြင်ရပေ။သို့သော် စကားပြောသံအချို့နှင့်ရယ်သံများကိုတော့ ကြားရသည်။ဆဲရေးသံအချို့ကိုပင် တစ်ခွန်းစကြားရလေ၏။ဆိုင်းအတွင်းရှိစားပွဲဝိုင်းများကို  ဖြတ်၍ ထိုနေရာသို့ သူလျှောက်လာခဲ့သည်။ညာဘက်ထောင့်ချိုးအရောက်တွင်တော့ ဆူညံစွာစကားပြောနေလေသည့် အုပ်စုကိုတွေ့လိုက်ပေသည်။ထိုဝိုင်းတွင် ယောကျာ်းလေးဆို၍ ဆွေးအပါမှ လေးဦးလောက်သာရှိပြီး မိန်းကလေးမှာ ရှစ်ဦးလောက်ရှိသည်။ယောကျာ်းလေးတစ်ဦးနှင့်မိန်းကလေးတစ်ဦးကြားတွင် ခေါင်းစိုက်ကျနေသော ဆွေးကိုဖြင့် သူမြင်တွေ့လိုက်ရပါသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now