Chapter (36)

54 4 0
                                    




" ကျွန်မပြောချင်တာက "

သက်ပြင်းချလေသည့်ကောင်မလေးကို ကြည့်၍ မြေ့ ငြိမ်သက်နေဆဲဖြစ်သည်။သူအလုပ်ပြန်ဆင်းပြီး နှစ်ရက်အကြာတွင် လက်ပံသည် ဖုန်းဖြင့်ဆက်သွယ်၍ တွေ့ခွင့်တောင်းလာလေ၏။ပထမဆုံး တွေ့စရာအကြောင်းမရှိဟု သူတွေးမိသော်လည်း ဆွေးထံမှမကြားရသည့်စကားလုံးများကို လက်ပံထံမှ ကြားရနိုင်သည်တွေးမိ၍ တွေ့ဆုံဖို့ကို လက်ခံလိုက်သည်။တကယ်တမ်းမှာ သူတို့သည် မျက်နှာချင်းဆိုင်ထိုင်၍ စကားပြောဖူးကြသည်မဟုတ်ပေ။ထို့ကြောင့် အနေရခက်ဟန်က နှစ်ဦးသားအပေါ်၌ ရွက်ရိပ်ထိုးနေသကဲ့သို့ပင်။

အခုလည်း လက်ပံမှာ စကားဖို့ကိုဖြင့် ခက်ခဲနေဟန်တူသည်။ထပ်တလဲလဲသက်ပြင်းချ၍ စကားတို့ ရှေ့ဆက်မရနိုင်သေးပေ။

" ကျွန်မပြောချင်တာက အရင်ဆုံး တောင်းပန်ချင်တာပါ ၊ ဒီကိစ္စက တောင်းပန်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပေမဲ့ ကျွန်မဘက်က တောင်းပန်သင့်လို့ထင်တယ်။"

သက်ပြင်းချ၍ လက်ပံသည် ထပ်မံစကားဆက်၏။

" ကျွန်မ သူနဲ့ပြတ်ကြတော့မဲ့အခြေအနေဖြစ်နေပြီကို အတိအလင်းလမ်းမခွဲကြသေးတာပဲရှိတာပါ။အဲ့ဒီအချိန် ကိုမြေ့နဲ့တွေ့ပြီး သူချစ်မိသွားကြောင်း ကျွန်မကို ဖုန်းဆက်ပြောလာပါတယ်။ဒါကြောင့် ကျွန်မတို့နှစ်ဦးသဘောတူလမ်းခွဲခဲ့တယ်။ဒါပေမဲ့ မှားယွင်းသွားတဲ့ကိစ္စမှာ အသိလွတ်အောင်မူးမှောက်သွားလို့ ကျွန်မတို့မှားယွင်းသွားတာပါ။ဒီစကားပြောရတာ ရှက်ရပေမဲ့ ကျွန်မတို့က အရင်ကတည်းက အတူနေဖူးတာမျိုးရှိခဲ့ဖူးတယ်။ဒါကြောင့် မထိန်းနိုင်ခဲ့ကြပါဘူး ၊ အခုတော့ ကျွန်မစိုးရိမ်ခဲ့တဲ့အတိုင်း ကိုယ်ဝန်ရှိလာခဲ့တယ် ၊ ယခင်ကတည်းက သူမသိအောင် တိတ်တိတ်လေးဖျက်ချဖို့ ကျွန်မကြံထားပြီးသားရယ်။ဒါပေမဲ့ ဆေးခန်းသွားရင်းနဲ့သူနဲ့အမှတ်မထင်တွေ့ခဲ့ပြီး အကျိုးဆက်ကို သူသိသွားခဲ့တယ်။သူသိသွားတော့ ကျွန်မကိုတားလာတယ် ၊ ဒါပေမဲ့ သူ့ပုံက ရှေ့ဆက်တိုးချင်ပုံလည်းမရပါဘူး။ဘာကြောင့်လဲဆိုတော့ သူတကယ် ရှင့်ကိုချစ်မိသွားခဲ့လို့ပဲ။ယောကျာ်းတစ်ယောက်အနေနဲ့ ကျွန်မအပေါ်သူတာဝန်ယူနိုင်တယ် ၊ သူဖခင်ကောင်းတစ်ဦးဖြစ်နိုင်တယ် ၊ သူက လက်တွဲဖော်ကောင်းတစ်ယောက်လည်းဟုတ်တယ်...ဟူး ! သူတာဝန်ယူလိုက်တော့မဲ့အရာတွေအပေါ် သိတတ်ကျေပွန်ပေမဲ့ သူတကယ်ချစ်တဲ့သူနဲ့တော့ ခွဲခွာရမှာလေ။သူ ရှင့်ကိုစိတ်ရင်းအမှန်နဲ့ချစ်တာ ကျွန်မအသိဆုံးပါ ၊ ကျွန်မကိုတောင် သူ့မိဘတွေနဲ့မိတ်ဆက်ပေးတာမဟုတ်ဘူးရယ်။ပြီးတော့ ကျွန်မရှေ့မှာ ရှင့်အတွက်နဲ့သူငိုခဲ့တယ် ၊ ယုံတာမယုံတာကတော့ ရှင့်စိတ်ပေါ့လေ။ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မှားယွင်းမှုတစ်ခုအတွက်နဲ့အချုပ်အနှောင်တစ်ခုထဲ မနေချင်ဘူး။တကယ်တော့ ဒီမှားယွင်းမှုကအသက်တစ်ချောင်းဆိုတာဟုတ်တယ် ၊ ကျွန်မရဲ့သွေးသားသန္ဓေဆိုတာလည်းဟုတ်တယ်။ကျွန်မတာဝန်ယူသင့်တယ်ဆိုတာလည်း ဟုတ်တယ်။ဒါပေမဲ့ ကျွန်မမလိုချင်ဘူး။တာဝန်ယူသင့်တယ်ဆိုပေမဲ့ ကလေးတစ်ယောက်ရဲ့ ကိုယ်စိတ်နှစ်ပါး ပြည့်စုံကောင်းမွန်အောင်ပျိုးထောင်ဖို့ဆိုတာမလွယ်ကူဘူးလေ။သတ္တိလည်း ကျွန်မမှာမရှိဘူး ၊ ပြီးတော့ ကိုယ်မချစ်မနှစ်သက်တဲ့လူရဲ့သွေးသားကိုလည်း မယူချင်ဘူး။အကောင်းဆုံးနည်းလမ်းမဟုတ်ပေမဲ့
ကိုယ်ဝန်ဖျက်ချတာက ကျွန်မအတွက်တော့ အကောင်းဆုံးနည်းလမ်းပဲ။ကျွန်မစိတ်အနေနဲ့ကတော့ ကလေးယူလိုက်ပြီး ဆွေးနဲ့အတူနေထိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါတွေပြောပြရတာဟာ ဆွေးကိုခွင့်လွှတ်ပြီးပြန်လက်ခံဖို့ပြောပေးတာလည်းမဟုတ်ပါဘူး။သူ့လုပ်ရပ်ကလည်း ခွင့်လွှတ်ဖို့မကောင်းမှန်းသိပါတယ် ၊ ကျွန်မလည်းအတူတူပေါ့။ဒီအတိုင်း ကျွန်မတောင်းပန်သင့်တယ်ထင်လို့ရယ် ၊ စိတ်ထဲမှာလည်း ဝန်ဆွဲမထားချင်တာရယ်ကြောင့် ပြောပြတာပါ။ဒီကပြန်ရင် ကျွန်မကိုယ်ဝန်ဖျက်ချဖို့ ပြင်ဆင်ရတော့မှာပါ။ပြီးတော့ ကျွန်မခရီးထွက်ဖို့ရှိပါတယ် "

ဆွေးမြေ့ ( Complete )Where stories live. Discover now