Part (7)

54 8 0
                                    


" ဒီမှာလုပ်တာကြာပြီလား "

Dusting လိုက်နေရင်း ဧည့်သည်က သူ့ကိုမေးလာသည်။

" ဟုတ်ကဲ့ ၊ တစ်နှစ်ကျော်တော့ရှိပါပြီ "

ဧည့်သည်က ခေါင်းငြိမ့်ပြီး စကားဆက်မဆိုတော့ပေ။၎င်းဧည့်သည်မှာ ရန်ကုန်သို့လာတိုင်း သူတို့ဟိုတယ်မှာတည်းပြီး အခန်းနံပါတ်ဆယ့်သုံးမှာသာ အမြဲနေသည်။တခြားသူတွေက ဆယ့်သုံးဂဏန်းကိုရှောင်ကြသော်လည်း ဤလူသည် ဂရုစိုက်စိုက်ပုံမရချေ။

" တခြားအလုပ်ပြောင်းမလုပ်ဘူးလား ၊ မင်းကိုကြည့်ရတာ ငယ်သေးတယ်။သင်တန်းလေးဘာလေးတက်ပြီး ပိုကောင်းတဲ့နေရာသွားပေါ့။"

ဧည့်သည်သည် တီဗီကိုပိတ်လိုက်ပြီး သူ့ကိုစကားဆက်သည်။

" ဟုတ် ၊ သင်တန်းကတော့ ‌တက်နေပါတယ်။ပိုကောင်းတဲ့နေရာသွားဖို့ကအခွင့်အလမ်းရှိဦးမှလေ ၊ ဒီမှာလည်း အဆင်ပြေပါတယ် "

စဝ်မိုရ် သူ့ရှေ့ကကောင်လေးကိုကြည့်လိုက်သည်။သူ့ကို စကားလှည့်ဆိုပြီး အလုပ်ကိုဆက်လုပ်နေသည်။သူဒီမှာတည်းတိုင်း အမြဲလိုလို ဒီကောင်လေးနှင့်ဆုံသည်။

" ရန်ကုန်ဇာတိလား "

" မဟုတ်ဘူး ၊ ကျွန်တော်က တွံတေးကပါ "

Dusting လိုက်ပြီးသွားတော့ တံမြက်စည်းတံကိုင်ပြီး အခန်းကိုစလှဲတော့သည်။အခန်းက ဖုန်တော့သိပ်မရှိပေ ၊ ထို့အပြင် ဧည့်သည်ကလည်း နေပုံထိုင်ပုံသန့်ကာ စည်းကမ်းရှိသည်။အိပ်ယာကိုလည်း နှစ်ရက်မှတစ်ခါသာလဲခိုင်းကာ လဲပေးရခြင်းမှာလည်း ဧည့်သည်ရဲ့တစ်ညတာအဖော်ကြောင့်ပင်။

" ဪ...တွံတေးဆိုတော့ နီးတာပဲ "

" ဟုတ်ကဲ့ "

သူ တံမြက်စည်းလှဲပြီးသွားတော့ ကြမ်းတိုက်လိုက်သည်။အခန်းသန့်ရှင်းရေးအားလုံးပြီးသွားတော့ ဧည့်သည်ကိုနှုတ်ဆက်လိုက်သည်။

" အားလုံးပြီးသွားပါပြီ ခင်ဗျ ၊ သွားခွင့်ပြုပါဦး "

ဧည့်သည်က ခေါင်းညိတ်ပြ၍

" မုန့်ဖိုးလာယူသွားဦးလေ "

ပိုက်ဆံအိတ်ကိုအိပ်ယာပေါ်ကလှမ်းယူပြီး တစ်သောင်းတန်ငါးရွက်ထုတ်ကာ သူ့ကိုပေးသည်။ပေးလာသည်က များသည်မို့ သူမယူရဲဘဲ တစ်ချက်တော့ကြည့်လိုက်သည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now