"ဇေယျာရွှေမြေ စစ်ကိုင်းတိုင်းမှကြိုဆိုပါ၏" ဆိုတဲ့ တံတားကြီးပေါ်က မုခ်ဦးကိုမြင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော် ရင်တွေတလှပ်လှပ်တုန်လာရတယ်။ ကိုယ့်မွေးရပ်မြေဆိုသော်ငြားလည်း မရောက်ဖြစ်တာ ရှစ်နှစ်၊ ကိုးနှစ်လောက် ကြာခဲ့ပြီမို့ အခုလိုပြန်ရောက်လာရတော့ ခံစားချက်က အတော်လေးကောင်းတယ်။
နောက် မကြာဘူး ကားပေါ်ကနေဆင်းရတော့ ခရီးဆောင်အိတ်ကိုယူပြီး ရွာကို ဘာနဲ့ပြန်ရင်ကောင်းမလဲ တွေးနေတုန်းမှာပဲ ဆိုင်ကယ်တစ်စီးက ကျွန်တော့်ဘေးမှာ လာဝင်ရပ်တယ်။
"ဘယ်သွားမှာလဲညီလေး ကယ်ရီငှားမလား"
ကြားလိုက်ရတဲ့အသံကြောင့် အနီးအနားမှာ လာကြိုတဲ့သူများ ရှိလေမလားဆိုပြီး မျက်စိကစားရင်း ဘယ်သူ့ကိုမှမတွေ့တာနှင့်
"ဟုတ်အကို... ကျွန်တော်က(…)ရွာကိုသွားမှာ၊ ဘယ်လောက်ပေးရမလဲဗျ"
ပြောရင်းနဲ့ ကျွန်တော် ခရီးဆောင်အိတ်ကို ကောက်မလိုက်တယ်။
"ငါးထောင်ကျမယ်ညီလေး"
"ဟာဗျာ... (၄၅)မိနစ်လောက်ပဲမောင်းရမှာကို ငါးထောင်ကမများ..."
ပြောရင်းဆိုရင်းနဲ့မှ ကယ်ရီသမားဆီကို အကြည့်ရောက်သွားတော့ ကျွန်တော်ပါမက သူပါ မျက်လုံးပြူးသွားတာကို တွေ့လိုက်ရတယ်။
"အောင်!"
ပါးစပ်လှုပ်ရုံရေရွတ်မိတော့ သူ့ဆီကနေ "ကောင်းခန့်"ဆိုတဲ့ ခေါ်သံကိုကြားလိုက်ရတယ်။
"အောင်... မင်း..."
ဘာမှဆက်မပြောဖြစ်... ဘာပြောလို့ပြောရမှန်းလဲ ကျွန်တော်မသိဘူး။
"လိုက်မှာလားကောင်းခန့်... မလိုက်ရင် ငါ တခြားခရီးသည်ရှာရမှာမို့"
"လိုက်မယ်"
ဆိုတော့ သူ ကျွန်တော့်ကို ဆိုင်ကယ်ဦးထုပ်ပေးတယ်။ ပြီးတာနဲ့ ကျွန်တော့်ခရီးဆောင်အိတ်ကိုယူပြီး ဆိုင်ကယ်အရှေ့ဂွကြားမှာ နေရာချတယ်။ နောက်တော့ ကျွန်တော့်ကိုတက်ခိုင်းပြီး ကျွန်တော်ဆိုင်ကယ်ပေါ်ရောက်တာနဲ့ သူမောင်းထွက်တယ်။ အပိုစကားတစ်ခွန်းမှမပြောသလို ကျွန်တော့်ကိုလည်း သိတဲ့အမူအရာမပြဘူး။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်