P_8 (Zawgyi)

191 10 0
                                    

2008, ဇွန်လ

ဇွန်လ တတိယအပတ်မှာတော့ အောင့်အဖေတစ်ယောက် နေပြည်တော်မှာ နောက်မိန်းမရှိနေပြီဆိုတဲ့သတင်းတွေကို သဲ့သဲ့ကြားလာရတယ်။ ဟုတ်လား၊ မဟုတ်လား မသေချာပေမဲ့ ကျွန်တော်တို့တစ်ရွာလုံးရဲ့ ပါးစပ်ဖျားမှာတော့ အဲ့ဒီသတင်းက ဟိုးလေးတကျော်ကျော်ပါပဲ။ နောက်ပြီး အဲ့ဒီမိန်းမကို အောင့်အဖေက အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ထားတယ်ဆိုတဲ့သတင်းကိုလည်း တစ်ဆက်တည်းကြားလာရတယ်။

ဒီတော့ ကျွန်တော် အောင့်အတွက် စိတ်မကောင်း၊ အောင့်ကိုမြင်တိုင်းလည်း သူအဆင်ပြေရဲ့လားဆိုတာကိုပဲ လိုက်အကဲခတ်နေမိတယ်။ ဒါပေမဲ့ အောင်ကတော့ အရင်အတိုင်းပါပဲ၊ သူ့ပုံစံက နည်းနည်းမှမပြောင်းလဲသလို ဝမ်းနည်းတဲ့ပုံ၊ စိတ်မကောင်းဖြစ်တဲ့ပုံလည်း မပြဘူး။ အဲ့တော့ အောင့်အဖေရဲ့သတင်းဟာ အတည်မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ကောက်ချက်ချလိုက်တယ်။

အင်္ဂါနေ့ညနေခင်းမှာတော့ မနက်ဖြန် ကျောင်းကိုစောစောလာခဲ့ဖို့ အောင့်ကိုမှာရတယ်။ အရှေ့နှစ်ပတ်တုန်းက သူ ကျောင်းနောက်ကျတာကြောင့် အသင်းကို မလုပ်လိုက်ရဘူး။ အဲ့တော့ တခြားအသင်းသားတွေက သူတို့ချည်းပဲ အမြဲတမ်းလုပ်နေရတဲ့အတွက် အောင့်ကိုမကျေနပ်၊ အဲ့ဒါကြောင့် ဒီအပတ်တော့ အောင့်ကိုစောစောလာစေချင်တယ်။

အောင်ကလည်း စောစောလာခဲ့မယ်လို့ ကတိပေးပါတယ်။ ပေးတဲ့အတိုင်းလည်း ဗုဒ္ဓဟူးနေ့ရောက်တော့ သူ ကျောင်းကို စောစောရောက်လာခဲ့တယ်။ ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်တာမို့ သူ့ထက်တော့ ပိုစောတာပေါ့လေ။

"ပေးလေ... ငါလှည်းလိုက်မယ်"

သူ ကျောင်းကိုရောက်ရောက်ချင်း မယ်ဇယ်လီပင်တွေအောက်မှာ တံမြက်စည်းလှည်းနေတဲ့ ကျွန်တော့်အနားရောက်လာပြီး တံမြက်စည်းကိုလုတယ်။

"ရတယ်... တံမြက်စည်းကို ငါလှည်းလိုက်မယ်၊ မင်းက အတန်းထဲသွားပြီး သောက်ရေအိုးကို ရေဖြည့်ချေ"

"အေးအေး"

ပြောပြီး သူ အတန်းထဲကိုဝင်တယ်။ လွယ်အိတ်ဘာညာထားပြီး သောက်ရေအိုးရေဖြည့်တယ်။ ပြီးတာနဲ့ အမှိုက်တောင်းယူလာပြီး ကျွန်တော်လှည်းထားတဲ့ အမှိုက်တွေကိုကျုံးပြီးသွားပစ်တယ်။ အားလုံးပြီးတော့ အဲ့ဒီမယ်ဇယ်လီပင်တွေအောက်မှာပဲ ကျွန်တော်တို့ခဏထိုင်ပြီး အနားယူကြတယ်။

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now