2008, စက်တင်ဘာ
အောင့်ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိလို့ စနေ၊ တနင်္ဂနွေနှစ်ရက်လုံး ကျွန်တော်အပြင်မထွက်ပါ။ အောင်ကတော့ စနေ၊ တနင်္ဂနွေနှစ်ရက်လုံး ကျွန်တော့်အိမ်နားမှာ ရစ်သီရစ်သီပဲ။
ဆိုတော့ ကျွန်တော်ပျော်နေတာ... အပျော်လွန်ပြီး အစားလည်းဝင်အောင်မစားနိုင်။ အောင်ပေးထားတဲ့ စာခေါက်လေးကိုပဲ တရှုံ့ရှုံ့နမ်းမိနေတာအခါခါမို့ စာခေါက်လေးတောင် နှစ်ရက်ထဲနဲ့ နွမ်းချင်ချင်ဖြစ်နေပြီရယ်။ နောက်မှ ပြဲသွားမှာစိုးရိမ်တာနဲ့ ကျွန်တော့်မှာ တယုတရပြန်သိမ်းရတယ်။
တနင်္လါနေ့ရောက်တော့ ကျောင်းမသွားရင်ကောင်းမလားလို့ ကျွန်တော်စဉ်းစားသေးတယ်။ ဒါပေမဲ့ သွားဖြစ်ပါတယ်။ အောင့်ကိုရင်မဆိုင်ရဲပေမဲ့ တွေ့တာကတော့တွေ့ချင်သေးတယ်မလား။ နောက်ပြီး အောင် ကျွန်တော့်ဆီကနေ ဘယ်လိုအဖြေတောင်းမလဲဆိုတာကိုလည်း သိချင်သေးတယ်။
ကျောင်းကိုရောက်တော့ ခါတိုင်းလိုပဲ ကျွန်တော် အခန်းပေါက်ဝမှာထိုင်ပြီးတော့ အောင့်ကိုစောင့်နေဖြစ်တယ်။ အောင့်ဆိုင်ကယ်လေး ကျောင်းအပေါက်မှာရပ်တော့ ရင်ခုန်ရတယ်။ သို့ပေမဲ့ အောင့်ဆိုင်ကယ် အနောက်ကနေပါလာတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ကျွန်တော့်ရင်ထဲတင်းကျပ်လာတယ်။
ဘယ်သူလဲ?
ဘယ်ကလဲ?
အောင်နဲ့သူက ဘယ်လိုပတ်သက်တာလဲ။ အောင့်ကောင်မလေးများဖြစ်နေမလား။ အောင် ကျွန်တော့်ကို မကြိုက်တော့ဘူးလား။ စတဲ့ အတွေးပေါင်းစုံနဲ့ ကျွန်တော်ဟာ နေမထိထိုင်မသာတွေဖြစ်လာရတယ်။
နောက်တော့ ဆိုင်ကယ်ပေါ်ကနေ ဆင်းလာတဲ့အောင်ရယ်၊ အောင့်ဆိုင်ကယ်ယူပြီး မောင်းထွက်သွားတဲ့ သူမရယ်ကြောင့် ကျွန်တော့်စိတ်က ထပ်ပြီးတော့ တစ်မျိုးတစ်မည် ပြောင်းလဲရပြန်တယ်။
အောင့်ဆိုင်ကယ်ယူသွားတာဆိုတော့ အောင့်အမျိုးလား? ဒါမှမဟုတ် အောင်တို့အိမ်မှာ ရောက်နေတဲ့ ဧည့်သည်များလား? ဒီလိုဆိုတော့ စိတ်ခံသာပေမဲ့ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို ကျွန်တော်အရမ်းသိချင်တယ်။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်