2008, စက်တင်ဘာ
အောင် ကျောင်းထွက်သွားပြီလို့ သိခွင့်ရခဲ့တဲ့ သောကြာနေမှာတော့ ကျွန်တော် အတော်လေးနွမ်းလျနေတယ်။ အောင်နဲ့မတွေ့ရတာဟာလည်း သုံးရက်ရှိခဲ့ပြီမို့ လွမ်းလည်းလွမ်းမိတယ်။ နောက်ပြီး သူပေးတဲ့စာကို မဖတ်ရသေးဘူးလို့ ညာခဲ့မိတဲ့အတွက်လည်း နောင်တရတယ်။ ဒီလိုမှန်းသိရင် ကျွန်တော် လိမ်မပြောခဲ့ပါဘူး။ အဲ့လိုသာဆို ကျွန်တော်တို့ ချစ်သူတွေဖြစ်နေလောက်မလားနော်...
အောင်နဲ့မတွေ့ရမှ ကျွန်တော် အောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို ပိုသိလာရတယ်။ ကျွန်တော် အောင့်ကိုလွမ်းတယ်။ တွေ့လည်းတွေ့ချင်ပြီး အကျိုးအကြောင်းကိုလည်း မေးချင်မိတယ်။ နောက်ပြီး အောင်ကတော့ နေနိုင်လိုက်တာလို့တွေးမိပြီး ကျွန်တော် နေလို့လည်းမကောင်းဘူး။
သို့ပေမဲ့ ကျွန်တော့်အနားကို အတန်းခေါင်းဆောင် ရောက်လာပြီးတဲ့အခါမှာတော့ ကျွန်တော် အလွန်ပျော်လာရတယ်။ သူက ကျွန်တော့်ကို ဓာတ်ပုံလာပေးတာပါ။ အောင်လွင်ဦးကပေးခိုင်းတာဆိုပြီး ပတ်စပို့ပုံသေးသေးလေး လာပေးတယ်။ နောက်ပြီး သိပ္ပံစာအုပ်ထဲကိုလည်းကြည့်ဖို့ မှာလိုက်ပါတယ်တဲ့...
ဒီတော့ ကျွန်တော့်စိတ်ထဲ အတော်လေးရွှင်လာတယ်။ အောင် ကျွန်တော့်ကို ချစ်သေးတယ်လို့တွေးမိပြီး နေလို့လည်းကောင်းတယ်။ ပိုပြီးနေလို့ကောင်းတာကတော့ ညနေခင်း ကျောင်းအပြန်မှာ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်မှာ အောင့်ကိုတွေ့လိုက်ရတာကိုပဲ။
ကျွန်တော့်ကိုမြင်တော့ အောင်က လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်လာပြီး ကျွန်တော့်အနားကိုလာတယ်။
"ကောင်းခန့်"
"အင်း"
"သိပ္ပံစာအုပ် ကြည့်ပြီးပြီလား"
ပေါ်တင်ကြီးလာမေးနေတဲ့ အောင့်ကြောင့် ကျွန်တော့်ရင်ဘတ်က တလှပ်လှပ်နဲ့ တုန်လာရတယ်။ နောက်ပြီး ကျွန်တော့်ကိုပဲ မလွတ်တမ်း လိုက်ကြည့်နေတဲ့ အောင့်ကြောင့်လည်း ကျွန်တော့်ဒူးတွေက မခိုင်ချင်ပြန်။ ကြာရင် အောင့်အရှေ့မှာပဲ ကျွန်တော်ပြိုလဲနိုင်တာကြောင့် သိပ္ပံစာအုပ် ကြည့်ပြီးပြီလာဆိုတဲ့ အောင့်အမေးကို "အင်း" လို့ပဲ ပြန်ဖြေလိုက်ပြီး အိမ်ထဲကို အမြန်ဝင်ပစ်လိုက်တော့တယ်။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်