"ကိုခန့်... မအိပ်သေးဘူးလား"
အခုမှ လက်ဖက်ရည်ဆိုင်ကနေ ပြန်လာပုံရတဲ့ ကောင်းသန့်က ကျွန်တော့်အခန်းထဲဝင်လာပြီး မေးလာခြင်းဖြစ်တယ်။
"အင်း... အိပ်မပျော်သေးတာနဲ့... မင်းရော အခုမှပြန်လာတာလား"
"အင်း... ဆေးလိပ်သွားသောက်ရအောင်"
ပြောပြောဆိုဆိုနဲ့ ကောင်းသန့်က ဝရန်တာဘက်ကို ထွက်သွားတာကြောင့် ကျွန်တော်က အနောက်မှလိုက်သွားဖြစ်တယ်။ ဝရန်တာရောက်တော့ ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ နောက် ကျွန်တော့်ကို တစ်လိပ်ကမ်းပေးတယ်။
"ငါ ဆေးလိပ်မသောက်ဘူး"
ဆိုတော့ ဘူးထဲကိုပြန်ထည့်တယ်။ သူကတော့ လမ်းဘက်ကိုငေးကြည့်ရင်း တစ်ဖွာနှစ်ဖွာရှိုက်တယ်။ ဘာစကားမှတော့မဆို။ သို့ပေမဲ့ တစ်ခုခုပြောဖို့ အားယူနေပုံရတာကြောင့် ကျွန်တော်လည်း သူဘာပြောမလဲဆိုတာကိုပဲ စောင့်နေလိုက်တယ်။
"သူ့ကို ချစ်နေတုန်းပဲလား"
လမ်းဘက်ကို မေးငေါ့လို့ မေးလာတဲ့ သူ့အမူအရာကြောင့် ကျွန်တော်အံ့သြသွားတယ်။ အံ့သြမှုနဲ့အတူ သူမေးငေါ့ရာနေရာဆီကို အကြည့်ရောက်တော့ တွေ့လိုက်ရတာက အိမ်ရှေ့က ဗာဒံပင်အောက်မှာထိုင်နေတဲ့ လူတစ်ဦး...
အိမ်ဘက်ကို ကျောပေးထားတာမို့ ဘယ်သူဘယ်ဝါရယ်လို့ မမြင်ရပေမဲ့ အလွတ်ရနေတဲ့ ကျောပြင်ကျယ်ကြောင့် ဘယ်သူဘယ်ဝါဆိုတာကို သိလိုက်ရတယ်ဆိုရင်ပဲ ရင်ဘတ်ထဲကကျဉ်ခနဲ...
"သူ ထောင်ကျတာကို မင်းသိလား"
လက်ထဲကဆေးလိပ်ကို ဖွာရှိုက်ရင် အေးဆေးစွာပြောလာတဲ့ ကောင်းသန့်ကြောင့် ကျွန်တော် အလန့်တကြားနဲ့ သူ့ကိုပြူးကြည့်မိတယ်။ သို့ပေမဲ့ သူ တစ်မျိုးထင်မှာစိုးလို့ ဘာကြောင့်ကျတယ်ဆိုတာကိုတော့ ကျွန်တော်မမေးဖြစ်ဘူး။
"ရိုက်မှုပါ၊ သူ့ပထွေးနဲ့ စကားများကြရင်း လက်လွန်သွားတယ်ပြောတာပဲ၊ သူ့ပထွေးကတော့ တစ်လလောက် ဆေးရုံတက်လိုက်ရတယ်။ ဆရာဝန်တွေကတော့ ကံကောင်းလို့မသေတာတဲ့... ဒီတော့ သူ့ပထွေးက သူ့ကိုတရားစွဲပြီးထောင်ချလိုက်တယ်"
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်