P_2 (Zawgyi)

360 18 2
                                    

အောင်နဲ့စပြီးခင်တာက ၁၉၉၇၊ ၁၉၉၈ လောက်တုန်းကပါ။ အဲ့တုန်းက အောင်တို့က ချောင်ကျတဲ့နေရာက ခြံဝန်းလေးမှာ တဲလေးထိုးပြီးနေရတာမို့ ဆင်းရဲပါတယ်။ သို့ပေမဲ့ အဖေ့ဘက်က အဖွားအိမ်မှာ ကပ်နေရတဲ့ ကျွန်တော်တို့ထက်စာရင်တော့ အိမ်ပိုင်၊ဝန်းပိုင်ရှိတဲ့ သူတို့က အခြေအနေမဆိုးဘူးပေါ့။

အဲ့ဒီအချိန်တွေတုန်းက ကျွန်တော်တို့အိမ်ဟာ စားဝတ်နေရေး အတော်ခက်ခဲပါတယ်။ အဖေ မရပ်မနားအလုပ်လုပ်ပေမဲ့ မိသားစုငါးယောက်ရှိတဲ့ ကျွန်တော်တို့တွေ စားလောက်ရုံပါပဲ။ ဘယ်လောက်ပဲကြိုးစားကြိုးစား ငွေပိုငွေလျှံဆိုတာမျိုးတွေ မရှိခဲ့တဲ့အတွက် အမျိုးတွေက နှိမ်တာကိုလည်း အတော်လေးခံခဲ့ရပြီး အမေရော၊ ကျွန်တော်တို့မောင်နှမသုံးယောက်စလုံးရော မျက်နှာငယ်ခဲ့ရတယ်။

အဖေ့ကိုတော့ အမျိုးအားလုံးက ကြောက်ကြတာမို့ ဘယ်သူမှ ဘာမျှမပြောရဲကြသလို အဖေအိမ်မှာရှိနေတဲ့အချိန်ဆိုရင်တော့ ကျွန်တော်တို့တတွေကိုလည်း ကောင်းကောင်းဆက်ဆံကြတယ်။ ဒါပေမဲ့ ခက်တာက အဖေဟာ တစ်နှစ်ပတ်လုံး ခရီးထွက်နေရပြီး တစ်နှစ်ကိုမှ ရွာဘုရားပွဲရယ်၊ သင်္ကြန်ရယ်ဆိုပြီး နှစ်ကြိမ်ပဲ အိမ်ကိုပြန်တယ်။ အဲ့တော့ ကျွန်တော်တို့ဟာ တစ်ချိန်လုံးအနှိမ်ခံပါပဲ။

နောက်တော့ အမေလည်း ဒဏ်မခံနိုင်တော့လို့ထင်ပါတယ် အရောင်းအဝယ်တစ်ခုခုလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့မှာပဲ အောင့်အမေနဲ့ ကျွန်တော့်အမေတို့ ပေါင်းမိပြီး စပ်တူလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ အရောင်းအဝယ်ဆိုလို့ ကြီးကြီးမားမားကြီးတွေ လုပ်တာတော့လည်း မဟုတ်ပါဘူး။ ဖရဲသီးအရောင်းအဝယ်လုပ်တာပါ။ ကျွန်တော်တို့ရွာကနေ ဖရဲပင်တွေစိုက်တဲ့ ကျွန်းပေါ်ကို ငှက်နဲ့ကူးပြီး ဖရဲသီးအလုံးတစ်ရာ၊ နှစ်ရာလောက်ဝယ်၊ ပြီးရင် လမ်းဘေးမှာ ပုံတိုက်နေအောင်ချထားပြီး အလုံးလိုက်လည်းရောင်းသလို အစိပ်ကလေးတွေစိပ်ပြီးတော့လည်း ပြန်ရောင်းတယ်။

ကျွန်တော် အောင်နဲ့စခင်တာလည်း အဲ့အချိန်တုန်းကပါပဲ။ အဲ့ဒီတုန်းက အမေတွေကဈေးရောင်းနေတဲ့အချိန် ကျွန်တော်တို့အမြွှာနှစ်ယောက်နဲ့ အောင်က အတူဆော့ကစားဖြစ်ခဲ့ကြတယ်။

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now