ခြောက်တန်းနှစ် စာမေးပွဲကြီး ဖြေပြီးတဲ့အခါမှာတော့ ကျွန်တော်တို့အမြွှာနှစ်ယောက်က အဖေ့အလုပ်မှာ ဝင်လုပ်ရတယ်။ ဒီနေရာမှာ အဖေ့ရဲ့အလုပ်အကိုင်ကို ပြောရရင်တော့ အဖေက မြန်မာမှုဆရာပါ။ ပန်းတော့ဆရာလို့ပြောရင်လည်းရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ နောက်လိုက်အနေနဲ့ လုပ်ကိုင်ရပြီး ကျွန်တော် (၄)တန်းနှစ်မှာစပြီး အဖေက ဆရာဖြစ်လာတယ်။
အဲ့လို ဆရာဖြစ်လာတာနဲ့အမျှ အဖေ့မှာ ငွေတွေပိုဝင်လာတယ်။ သို့ပေမဲ့ မိသားစုများတဲ့ ကျွန်တော်တို့အိမ်ကတော့ အရင်ထက် နည်းနည်းချောင်လည်လာတာကလွဲရင် ငွေပိုငွေလျှံရယ်လို့ သိပ်မရှိလှပါဘူး။
အဲ့ဒါ ခြောက်တန်းစာမေးပွဲပြီးတော့ အဖေက ကျွန်တော်တို့ကို လာခေါ်တာကြောင့် ကျွန်တော်တို့လိုက်သွားရတယ်။ ဒီတစ်ခါတော့ အဖေက မိုးညှင်းမြို့မှာ သွားရောက်လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာလည်း ယောင်တောင်တောင်နဲ့ မိုးညှင်းမြို့ကိုပါသွားတယ်။
ပန်းတော့လုပ်ငန်းရဲ့အခြေခံက ပုံဆွဲတာဖြစ်တဲ့အတွက် ပုံဆွဲညံ့တဲ့ကျွန်တော်နဲ့က အတော်လေးကီးမကိုက်လှဘူး။ ကောင်းသန့်ကတော့ ပုံဆွဲအရမ်းတော်တဲ့သူမို့ ဘာမှမခက်ခဲသလို သူက အဲ့ဘက်မှာ ပါရမီလည်းပါတယ်ထင်ပါရဲ့... ဘာမှမကြာသေးတဲ့ အချိန်ကာလမှာပဲ သူက အတော်လေးမဆိုးလှဘူး။
ကျွန်တော်ကတော့ အတော်လေးညံ့တဲ့အတွက် နောက်တော့ အဖေက အလုပ်ဝင်မလုပ်ခိုင်းတော့ပဲ ထမင်း၊ဟင်းချက်ခိုင်းတယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော်ဟာ ထမင်း၊ဟင်းလည်း မချက်တတ်ဘူး။ သို့ပေမဲ့ အဖေက မချက်တတ်ရင်လည်း သင်ဆိုပြီးတော့ ထမင်း၊ဟင်းပဲချက်ခိုင်းတယ်။ အဲ့တော့ ကျွန်တော်က အဖေ့ဆီမှာ အလုပ်လုပ်ကြတဲ့ အကိုဝမ်းကွဲတွေဆီကနေ ထမင်းချက်ကိုသင်ရတယ်။
သင်ရတယ်ဆိုပေမဲ့ ဟိုလိုမျိုး လက်ပွန်းတသီးသင်ရတာမျိုးတော့လည်း မဟုတ်ပါဘူး။ အကိုတွေဝယ်ပေးတဲ့ဟာကို ချက်နည်းမေးပြီး ကိုယ့်ဘာသာကိုယ်ချက်ရတာ။ အစပိုင်းရက်တွေတုန်းကတော့ ချက်သမျှတိုင်းက အဆင်မပြေဘူး။ လူက (၁၈)ယောက်စာဆိုတော့ပိုဆိုး၊ ကြက်ဥနဲ့ မန်ကျည်းသီးမှည့်လေး ငပိချက်ချက်တာကိုလည်း ခရမ်းချဉ်သီးက နှစ်ပိဿာလောက်ထည့်လို့ထည့်နဲ့ ဘယ်လိုမှကို စားမကောင်းတာ၊ ဒါပေမဲ့ အဖေကတော့ ဘာမှမပြောဘဲ ကျွန်တော်ကိုပဲ ဆက်ချက်ခိုင်းတယ်။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်