2024, လက်ရှိ
အောင်နဲ့ကျွန်တော် အတူနေကြတာ အခုဆို သုံး၊ လေးလလောက်တော့ ရှိပါပြီ။ ကျွန်တော်တို့ ရန်ကုန်ကိုရောက်တော့ ကျွန်တော်က အရင်လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာပဲ ဒီဇိုင်းဆွဲတဲ့အလုပ်ကို ပြန်လုပ်ပြီး အောင်ကတော့ သူစုထားတဲ့ငွေရယ်၊ အိမ်ရောင်းလို့ရတဲ့ငွေလေးရယ်နဲ့ပေါင်းပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်တယ်။
အလုပ်ကိုယ်စီနဲ့မို့ ကျွန်တော်တို့နှစ်ယောက်စလုံးက အဆင်ပြေပြေနေရမယ်လို့ထင်ထားပေမဲ့ စိတ်ကူးနဲ့လက်တွေ့က ဘယ်တော့မှထပ်တူမကျခဲ့ပါဘူး။ ကျွန်တော်က အဆင်ပြေပေမဲ့ အောင့်ရဲ့ကော်ဖီဆိုင်က လုံးဝလုံးဝ ရောင်းမကောင်းပါ။ ရောင်းမကောင်းတော့ ဆိုင်ခန်းငှားခ၊ ဝန်ထမ်းခနဲ့တင် အတော်လေးထိလာပြီး အောင့်ခများလည်း မျက်နှာမကောင်းရှာဘူး။
"အောင်လွင်ဦး"
"ဟင်!"
"ဟိုဟာလေ.. မင်း.. ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ချင်လားဟင်"
ကျွန်တော်မေးလိုက်တော့ သူ အကြာကြီးငြိမ်နေတယ်။ နောက် အတော်နဲ့အဖြေပြန်မပေးတာကြောင့် ကျွန်တော်ကပဲ ထပ်ပြီး
"မလုပ်ချင်လဲရပါတယ်၊ ငါက မင်း"
"မလုပ်ချင်တာမဟုတ်ဘူး"
"အင်း"
"ဒီအတိုင်း.. မလုပ်ချင်လို့"
"ဟမ်!"
"လာပါ အိပ်ရအောင်၊ မင်းပင်ပန်းတယ်မလား၊ အိပ်တော့နော်"
ပြောပြီး အောင်က ကျွန်တော့်ကို သူ့ရင်ခွင်ထဲထည့်လို့ ခပ်တင်းတင်းလေးဖက်လာပါတယ်။
"ကောင်းခန့်"
"ဟင်"
"အရမ်းချစ်တယ်"
ရင်ထဲကိုသိမ့်ခနဲ...
"ငါလည်းအရမ်းချစ်တယ်အောင်"
ဆိုတော့ ကျွန်တော့်ဦးခေါင်းကို အနမ်းဖွဖွပေးလျက်
"အတတ်နိုင်ဆုံး ငါ့အတွက်နဲ့ မင်းအသိုင်းအဝိုင်းမှာ မျက်နှာမငယ်ရအောင် ကြိုးစားပါ့မယ်"
"ငါ.. အင်းပါ၊ ထားလိုက်ပါတော့... ကျေးဇူးတင်ပါတယ်အောင်"
တကယ်တော့ သူ့အတွက်နဲ့ ကျွန်တော် ဘယ်တော့မှ မျက်နှာငယ်မှာမဟုတ်ဘူးလို့ ပြောချင်ခဲ့တာပါ။ ကျွန်တော် အရင်က ဆင်းရဲမှာကြောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ သုံးဆယ်နားကပ်လာတဲ့ ယခုအချိန်မှာတော့ စိတ်ပျော်ဖို့သာအဓိကဆိုပြီး တွေးမိလာတယ်။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်