P_14 (Zawgyi)

155 8 0
                                    

2008, စက်တင်ဘာ

တော်သလင်းလဆန်း ၁၄၊ ၁၅ ရက်က ကျွန်တော်တို့ရွာဘုရားပွဲပါ။ အဲ့ဒီရက်က အင်္ဂလိပ်လနဲ့ဆိုရင် စက်တင်ဘာလထဲကျပြီး အဲ့ဒီနှစ်တုန်းကတော့ အင်္ဂလိပ်လို ၁၃၊ ၁၄ ရက်နဲ့ တစ်ထပ်တည်းကျတယ်။ နောက်ပြီး စနေ၊ တနင်္ဂနွလေည်းကျတယ်။ အဲ့ဒီတော့ ပိုပြီးတိတိကျကျပြောရရင် အောင်ကျောင်းထွက်ပြီးတော့ လေးရက်၊ ငါးရက်မြှောက်ဟာ ကျွန်တော်တို့ရွာဘုရားပွဲပါ။

ကျွန်တော်တို့ရွာဘုရားပွဲကိုက နှစ်စဉ်နှစ်တိုင်း ကြီးကြီးကျယ်ကျယ်ကျင်းပပါတယ်။ နောက်ပြီး ဇာတ်သဘင်ကိုလည်း နှစ်ခုအပြိုင် ငှားရမ်းလို့ ဖျော်ဖြေစေတာကြောင့် လူကလည်းစည်ကားတယ်။

အဲ့ဒါထက် ကျွန်တော်တို့ရွာဘုရားပွဲက ဝါတွင်းသုံးလ ဘုရားစဉ်တွေထဲမှာလည်း ပါဝင်တာကြောင့် ဆွမ်းတော်ကြီး ဝတ်အသင်းတွေလည်း တစ်သင်းနှင့်တစ်သင်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်ကြပြီး မန္တလေးမြို့ မလွန်ဈေး ဆန်လှူရက်ဟာလည်း ရွာဘုရားပွဲနဲ့ တစ်ထပ်တည်းကျတာကြောင့် ရွာဘုရားပွဲတော်ရက်ဟာ တိုးမပေါက်အောင်ကို စည်ကားပါတယ်။

အဲ့ဒီအပြင် အကျွေးအမွေးကလည်း ရက်ရောလို့ အိမ်တိုင်းအိမ်တိုင်းမှာလည်း အဝေးကနေလာကြတဲ့ ညအိပ်ဧည့်သည်တွေ အများအပြားရောက်နေတတ်ကြတယ်။ ဒီတော့ ကျွန်တော်တို့အိမ်ဟာလည်း ထိုနည်းလည်းကောင်းပဲပေါ့နော်... အဝေးမှာ အိမ်ထောင်ကျသွားတဲ့ အဖေ့ရဲ့အကိုတွေ၊ အစ်မတွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ နောက်ပြီး မကင်းရာမကင်းကြောင်း ဧည့်သည်တွေရော စုံလို့ပါပဲ။

အဲ့တော့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံနေရတာကြောင့် အိမ်မှာရှိတဲ့ လူကြီးမိဘတွေလည်း မအားကြသလို ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့ဟာလည်း မအားရဘူး။ တစ်နေကုန်လုံး ဟိုဟာလုပ်ရ၊ ဒီဟာလုပ်ရနဲ့ အမေခိုင်းသမျှလုပ်နေရပြီး ဘယ်မှလည်းမထွက်နိုင်ခဲ့ဘူး။

ဒီလိုနဲ့ ၁၄)ရက်နေ့ နေ့ခင်း သုံးနာရီလောက်မှာတော့ ကျွန်တော်တို့အိမ်ကို ဆရာမဒေါ်နွယ်နီနှင့်အတူ တခြားဆရာမနှစ်ဦးတို့ ရောက်လာကြတယ်။ သူတို့နဲ့အတူ ကျော်စိုးတို့ကောင်တွေလည်း ပါလာကြပြီး "မင်းတို့အိမ်ပြီးရင် အောင်လွင်ဦးတို့အိမ်ကိုဆက်ရမှာ"ဟု ဆိုလာတာကြောင့် ကျွန်တော့်မှာ မရိုးမရွပဲ။

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now