2023, လက်ရှိ
ဥမင်သုံးဆယ်ဘုရားကိုရောက်တော့ ဘုရားကန်တော့ပြီး ခဏထိုင်ရအောင်ဟု အောင်ကဆိုလာတာကြောင့် လေတဟူးဟူးတိုက်တဲ့ ရင်ပြင်တော်ပေါ်မှာ ခဏထိုင်ဖြစ်ကြတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာမို့ လက်တော့မကိုင်ဖြစ်တော့ပါဘူး။ လူချင်းလည်း နည်းနည်းခွာပြီးထိုင်ဖြစ်တယ်။
"ဒါပြီးရင် ဘယ်သွားချင်သေးတုန်း.. တစ်ခါတည်းလိုက်ပို့ပေးမယ်လေ"
"မသွားတော့ဘူး.. ကိုသန့်တစ်ယောက်တည်း အကြာကြီးစောင့်နေရမှာအားနာလို့"
"အင်း.. မင်းမပြန်သေးဘူးမလား၊ နောက်ရက်ကျမှ ထပ်လိုက်ပို့ပေးမယ်လေ"
"နောက်ရက်လည်း မသွားတော့ဘူး.. အခုကလည်း တကယ်တော့ မင်းနဲ့တွေ့ချင်လို့ လာတာရယ်"
ကျွန်တော်ပြောလိုက်တော့ မျက်လုံးလေးတွေ မှေးကျဉ်းသွားတဲ့အထိ အောင်ကပြုံးတယ်။ ပြုံးရင်း လေသံခပ်မြူးမြူးနဲ့ပဲ "ဘုရားဖူးချင်လို့မဟုတ်ဘူးပေါ့"ဟု ဆိုလာတာကြောင့် ကျွန်တော့်မှာ အရမ်းရှက်ပြီး ဘယ်လိုပြန်ဖြေလို့ဖြေရမှန်းမသိဘူး။
"အပြီးပြန်လာတာလား"
"မဟုတ်ဘူး.. တစ်ပတ်ပဲ၊ ခွင့်ရက်ရှည်ရလို့လေ"
ကျွန်တော်ဖြေလိုက်တော့ အောင် မျက်နှာနည်းနည်းပျက်သွားတာကို သတိထားမိတယ်။ ဒီတော့လည်း ကျွန်တော်မနေနိုင်။ အောင်က သူ့အိမ်၊ သူ့ရွာကိုစွန့်ပြီး ကျွန်တော်နဲ့ လိုက်နေချင်ရဲ့လားမသိပေမဲ့ ကျွန်တော်အရဲစွန့်ပြီး
"မင်း.. မင်း.. ငါနဲ့လိုက်ခဲ့မလားဟင်"
"!!"
အောင်က ကျွန်တော့်ကို မယုံကြည်နိုင်ဘူးဆိုတဲ့ အကြည့်မျိုးနဲ့ တအံ့တသြပြန်ကြည့်တယ်။ ဆိုတော့ ကျွန်တော်ပြောမိပြီးမှ နောင်တနည်းနည်းရလာတယ်။ ကျွန်တော့်ဘက်က အရင်တောင်းဆိုမိတာဖြစ်တဲ့အတွက် အောင် ကျွန်တော့်ကို အထင်သေးမလားဆိုပြီးတော့လည်း တွေးမိလာတာနဲ့ပဲ
"ဟို မလိုက်ချင်ရင်လဲ.. ရပါ"
မဝံ့မရဲနဲ့ ကျွန်တော်မေးလိုက်ပေမဲ့ ကျွန်တော့်စကားမဆုံးခင်မှာပဲ အောင် ကျွန်တော့်ကို တင်းတင်းဆွဲဖက်ပါတယ်။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်