2008, သြဂုတ်
သြဂုတ်လရဲ့ ပထမဆုံးအပတ်မှာတော့ မှတ်မှတ်ရရ ကျွန်တော်တို့အတန်းထဲမှာ 'ဧရာရစ်ဝိုင်း'နဲ့အစပြုတဲ့ ကဗျာတစ်ပုဒ်ခေတ်စားပါတယ်။ အဲ့ကဗျာကို ကျွန်တော် အခုအချိန်ထိ ရနေသေးပေမဲ့ ဒီနေရာမှာကျတော့ မူပိုင်ခွင့်တွေဘာတွေနဲ့ဆိုင်သွားပြီမို့ ကဗျာကိုတော့ ထည့်မဖော်ပြတော့ဘူး။ ကဗျာစာသားတွေကတော့ ကျွန်တော်တို့မြို့လေးအကြောင်းကို လှလှပပ ရေးစပ်ထားတာမျိုးပါ။
အဲ့ဒီတုန်းက အတန်းခေါင်းဆောင်ရွတ်ဆိုနေတာကို မထင်မှတ်ဘဲ ကြားမိရာကနေ ကျွန်တော်က အရမ်းကိုသဘောကျခဲ့မိတာ။ သို့ပေမဲ့ အတန်းခေါင်းဆောင်ကိုလည်း မမေးရဲခဲ့တာကြောင့် စိတ်ထဲမှာပဲ ကျိတ်သဘောကျနေပြီး အပြင်မှာတော့ ပုံမှန်အတိုင်းပဲနေနေခဲ့တယ်။ အဲ့လိုကနေ နောက်တော့ ဟိုတစ်ယောက် ဒီတစ်ယောက်တို့ဆီကနေ အဲ့ကဗျာရွတ်ဆိုသံတွေကို ကြားလာတာနဲ့အမျှ ကျွန်တော်လည်း အဲ့ဒီကဗျာကို ရချင်လာတယ်။ အဲ့တော့ တခြားလူတွေ ရွတ်ဆိုတာကို နားထောင်ပြီး လိုက်မှတ်မယ်ဆိုပြီး သေချာအာရုံစိုက်ပြီး နားထောင်ပေမဲ့ သူတို့တွေရွတ်ကြတာက မပီပြင်။
ဒီနေရာမှာ နောက်တစ်ခု ထည့်ပြောချင်တာကတော့ ကျွန်တော်ဟာ အရမ်းကို အစွဲအလမ်းကြီးတယ်ဆိုတာပါပဲ။ တစ်ခါတလေကျ အဲ့ဒီ အစွဲအလမ်းကြီးတဲ့ စိတ်ကြောင့်ပဲ ကျွန်တော်လုပ်ချင်တဲ့ဟာ ဒါမှမဟုတ် ကျွန်တော်လိုချင်တဲ့ဟာတွေကို မရမချင်း နေမကောင်းဖြစ်နေတတ်တယ်။ အဲ့တော့ အဲ့ဒီတုန်းကလည်း အတူတူပဲပေါ့နော်။ ကျွန်တော် အရမ်းရချင်နေတဲ့ကဗျာကို မရဘူးဖြစ်နေတာကြောင့် စိတ်ထဲမှာ နေလို့မကောင်းဘူးဖြစ်နေခဲ့တာ။
နောက်တော့ ဘယ်လိုမှမနေနိုင်တော့တာနဲ့ အောင့်ကိုထုတ်မေးဖြစ်တယ်။ အတန်းခေါင်းဆောင် ရွတ်ဆိုနေတဲ့ ဧရာရစ်ဝိုင်းကဗျာကို မင်းရလားဆိုပြီး... ဒီတစ်ခါလည်း အောင်ကငြင်းပါတယ်။ သူ မရပါဘူးတဲ့... ဒါပေမဲ့ အောင့်ရဲ့ကောင်းမှုနဲ့ အဲ့ဒီကဗျာကို အတန်းခေါင်းဆောင်ရဲ့ အကိုဖြစ်သူက ရေးစပ်ထားကြောင်းကိုတော့ သိခဲ့ရတယ်။ ဒါပေမဲ့ လိုချင်တာမရတဲ့အတွက် ကျွန်တော် နေလို့မကောင်းဘူး။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်