***အချစ်ဆိုတာ အချိန်နဲ့မင်းလုပ်ရမှာက မင်းရဲ့အချိန်ကျလာတဲ့အထိ မင်းကြံ့ကြံ့ခံ စောင့်နေဖို့ပါပဲ။***
ဆေးဌာနရှေ့ ခုံတန်းတွင် မှိုင်ကာထိုင်နေသော လူတစ်ယောက်ကိုကျောင်းသား၊ ကျောင်းသူများက တစ်ချက်တစ်ချက်လှည့်ကြည့်သွားရှာ၏။သန့်ပြန့်ချောမောလှသော ရုပ်ရည်က မြင်သူတိုင်းထင်းခနဲ ငေးကြည့်မိသည့်အထိ ထင်ရှားနေလေသည်။အဝင်ဝတွင်မို့ လူတိုင်းက အာရုံစိုက်မိနေကြ ပေသည်။
အခုထိမထွက်လာသေးသော ကင်ဂျုံအင် ကို ဂျွန်မြောင် အသံတိတ်စောင့်နေမိ၏။စောင့်နေသည်ဟုဆိုသော်လည်း စိတ်ထဲပါလှသည်မဟုတ်ပေ။ဆူဟိုလက်ချက်နှင့် ဆေးရုံတက်ခဲ့ရသူမို့ စိတ်ထဲ မတင်မကျခံစားနေရခြင်းကြောင့်သာဖြစ်ပေသည်။
ပါးပေါ်ရုတ်ချည်း ရောက်ရှိလာသော အေးစက်စက်အထိအတွေ့ကြောင့် ဂျွန်မြောင်လန့်ကာ မတ်တပ်ထရပ်မိလိုက်သည်။ အေးစက်နေသော ကော်ဖီအေးဘူးကို ကင်ဂျုံအင်က ကိုင်ထားလေ၏။ အတွေးလွန်နေသည်မို့ ဂျွန်မြောင် လူရောက်လာခြင်းကိုသတိမထားမိ လိုက်ခြင်း ဖြစ်ပေသည်။ကင်ဂျုံအင်ကတော့ ထုံးစံအတိုင်းစနောက်လိုက်ရ၍အူးမြူးနေပေသည်။
ဂျုံအင်လည်း ပါးကိုကော်ဖီဘူးကပ်လိုက်၍ ဂျွန်လန့်သွားမည်မှန်း မထင်ထားမိချေ။ရုတ်ချည်းမို့ စပ်ဖြဲဖြဲသာ ရယ်ကာ အခြေအနေကိုထိန်းလိုက်ရ၏။ တော်ကြာ ထပြန်သွားမှ ဂျုံအင် ဘဝက မမြင်လိုက်ရ ဖြစ်ပေတော့မည်။
"ကင်ဂျုံအင် ငါမင်းကို ...."
ဂျွန်မြောင်ပြောချင်စိတ်ကိုမြိုချလိုက်ပြီး ကော်ဖီအေးဘူးကိုကိုင်ထားသည့် ဂျုံအင်ကိုစေ့စေ့ကြည့်မိလိုက်သည်။ရှပ်အဖြူကိုစတိုင်ပန့် အနက်နှင့်တွဲဝတ်ထားပြီး ဆံပင်အဖြူများက အခုများဖြင့် အညိုရောင် ဖြစ်သွားပြန်ပေသည်။ရှည်လျားသောခြေတံရှည်တွေက မော်ဒယ်တစ်ဦးအလား ထင်းကာကြည့်ကောင်းနေ၏။အညိုရောင်ဆံသားတို့ကနဖူးပေါ်ဝဲကျနေပေသည်။
ဂျူတီကုတ်အဖြူကိုလက်မှာပိုက်ထားပြီး လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ထားပုံက စမတ်ကျလှ၏။
ဂျွန်မြောင် မိမိခေါင်းကိုခါလိုက်မိပြီး စိတ်ထဲဝင်လာသည့်အတွေးများကိုမောင်းထုတ်ပစ်လိုက်၏။အရာအားလုံးကအပုပ်ကောင်ရုပ်ဆောင်ချည်းပဲဟု တရားကို သာ စတင်မှတ်လိုက်မိသည်။ထိုမှသာ မြန်ဆန်ချင်နေသော ရင်ခုန်သံကလျော့ကျသွားတော့သည်။