တဖြူးဖြူးတိုက်ခတ်နေသည့် လေနှင့်အတူ ခန်းဆီးစအချို့က လွင့် မျောနေ၏။မက်မွန်းရနံ့သင်းပျံ့လျက်ရှိသော ဝိုင်ကို ဥက္ကဌဒို ဖြည်းညင်းစွာ သောက်မိလိုက်သည်။အခန်းထဲ၌ခင်းကျင်းထားသော ပန်းချီကားများကို ကျောက်ရုပ်တစ်ရုပ်လို ငေးကြည့်မိကာ မိမိ၏ ဆုံးဖြတ်ချက်များကမပီမပြင် ဝိုးတဝါးအလား ဖြစ်တည်လာမိသည်။
သားငယ်လေး ရေး ဆွဲထားသည့် ပန်းချီလက်ရာမွန်များက မိမိကို လှောင်ရယ်နေသလိုပင်။သို့သော်လည်း သားလေး ထွက်သွားသည့် အချိန်ကစ ဒီပုံတွေကို မိမိကပင် အခန်းထဲ၌ သေချာ တခမ်းတနားခင်းကျင်းဖော်ပြထားခြင်းဖြစ်ပေသည်။တစ်နည်းအားဖြင့် သားလေးအား Gayအဖြစ်ရောက်စေခဲ့သောသူကို မမေ့နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်၏။
ပုံစံအမျိုးမျိုးနှင့် ပန်းချီကားထဲက လူသည် ဘေးနားတွင် လာရောက်ထိုင်နေသကဲ့သို့ အသက်ဝင်လှပေသည်။ပြတင်းကိုငေးကြည့်နေသော ဥက္ကဌဒိုကို ချန်းယောလ် မခေါ်ဝံ့ဘဲ ရပ်ကာငေးကြည့်မိ၏။သူ၏ အသွင်အပြင်ကပင် ချန်းယောလ်ကို ရင်တုန်စေ လေသည်။ခြေမထိလက်မထိဖြစ်စေပေသည်။အစကတည်းက မခိုင်ချင်သောခြေထောက်တို့သည် အခုတွင် ခဲဆွဲထားသကဲ့သို့လေးလံနေတော့ပေသည်။ အလုပ်သင်ဆင်းဖို့ ဖောင်တင်တုန်းကပင် Doh group ကို နောက်ဆုံးထားတင်ခဲ့တာဖြစ်သည်။ချန်းယောလ် တို့အဖွဲ့ဖန်တီးနေသည့် Application က အောင်မြင်သွားပြီမို့ ထုတ်ဝေရေးပိုင်း ပြင်ဆင်နေဆဲတွင် ဥက္ကဌဒိုက တွေ့ဆုံဖို့ လာရောက် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပေသည်။
"ရောက်လာပြီလား "
ချန်းယောလ် သူ့ရှေ့တွင် ဝင်ထိုင်လိုက်ရင်း ဖိုင်တွေကို စားပွဲပေါ်ချထားလိုက်ကာ အရိုအသေပေးမိလိုက်၏။ဥက္ကဌဒို၏ မျက်နှာတွင် မဲ့ပြုံးတစ်ချက် တွဲလွဲခိုလာ၏။မထီမဲ့မြင်အပြုခံလိုက်ရသော်လည်း ချန်းယောလ်စိတ်မခုမိပေ။ကျိန်းသေပေါက်
ဂျောင်လေးနှင့် ကိုယ်၏ပတ်သတ်မှုကို သိထားမည်မှန်းတွေးထားမိသားဖြစ်၏။"ကြောက်နေဖို့မလိုပါဘူး။ ငါမင်းကိုတွေ့ချင်တာက မင်းမသိသေးတဲ့အကြောင်းအရာအချို့ကိုပြောပြချင်လို့ပါ။မင်းကအရမ်းတော်တဲ့လူငယ်မို့ ဦးပြောချင်တာတွေကို ခပ်လွယ်လွယ်နားလည်ပေးရင် ဦးဘက်ကပိုပြီးကျေးဇူးတင်မိမယ်ထင်တယ် ။"