Scene #3 : Reason

3.9K 612 23
                                    

ကျန်းဟောင့်ဟာ ကားပေါ်တွင် ဝင်ထိုင်ပြီးနောက် ကြောင်တောင်တောင်ဖြင့်ပင် အရှေ့သို့ စိုက်ကြည့်နေမိသည်။ သူက ဘယ်လိုလုပ်ပြီးများ ဆောင်းဟန်ဘင်း၏ ကားကို စီးပြီးတော့ အိမ်ပြန်ရမည့် အနေအထားတစ်ခုထံသို့ ရောက်သွားခဲ့ရပါသနည်း။ မဟုတ်သေးပါချေ။ ဒီအခြေအနေကြီးက လုံးဝကို မမှန်နေပါ။

" ဟာအိုဟျောင်း ခါးပတ်ပတ်ဦးလေ "

စတီယာတိုင်ပေါ်သို့ လက်တစ်ဖက်တင်ထားသည့် ဆောင်းဟန်ဘင်းက သူ့ကို လေသံဖျော့ဖျော့လေးဖြင့် သတိပေးလာခဲ့သည့်အခါ ကျန်းဟောင့်က အယောင်ယောင်အမှားမှားဖြင့် သူ့ထံသို့ လှည့်ကြည့်မိလိုက်သည်။

ဆောင်းဟန်ဘင်းဟာ သူ့ကားထဲသို့ ရောက်သွားခဲ့သဖြင့် ထင်ပါသည် ၊ ရှပ်အင်္ကျီလက်ကို လက်ကောက်ဝတ်အထိ ခေါက်တင်ထားသဖြင့် ဖြူဥနေသည့် လက်ကို သေချာမြင်နေရသည့်အပြင် တကယ်ကို မညှာမတာ နိုင်လှစွာဖြင့် ရှပ်အင်္ကျီကြယ်သီးနှစ်လုံးကိုလည်း ဖြုတ်ထားခဲ့ပါသေး၏။ ပရိတ်သတ်များပါးစပ်ဖျားတွင် အမြဲလိုလို စွဲလမ်းနေတတ်ပါသည့် ရင်ဘတ်တက်တူးဟာ လက်ရှိ သူ့မျက်စိရှေ့တွင် အတိုင်းသား ပေါ်နေလျက်သား။

ရူးနေတာပဲ ၊ ရူးနေတာပဲ။

သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာတင် ကျန်းဟောင့်ဟာ စက္ကန့်ပိုင်းလောက်မျှ ဆောင်းဟန်ဘင်းကို ငေးကြည့်လိုက်ပြီးနောက် ချက်ချင်းအကြည့်ကို ပြန်လွှဲလိုက်ပြီး ‌ဘေးတွင် ရှိနေသည့် ခါးပတ်ကြိုးကို လှမ်းဆွဲလိုက်၏။ သူ့လက်တွေကပဲ အနည်းငယ်တုန်နေသောကြောင့်လား နီရဲပြီး ပူထူနေသည့် နားရွက်များကြောင့်လားတော့ မပြောတတ်ပါချေ။ ဘေးတွင် ရှိနေသည့် ခါးပတ်ကြိုးကလည်း ကောင်းကောင်းထွက်မလာခဲ့။

စိတ်မရှည်လှစွာဖြင့် မျက်ခုံးကို တွန့်ကွေးလိုက်ပြီး ဆောင့်ဆွဲပစ်လိုက်ဖို့ ကြံမိပါသည့်တိုင် သူများကားဖြစ်နေသည့်အပြင် တစ်ခုခု ပျက်သွားလျှင်လည်း သူက လျော်နိုင်မည် မဟုတ်သည့်အတွက် စိတ်ကို မနည်းလျှော့လိုက်ရသည်။

ဆောင်းဟန်ဘင်းကမူ ခါးပတ်ကြိုးဖြင့် တိုင်ပတ်နေသည့် ကျန်းဟောင့်ကို ကြည့်လိုက်ပြီးနောက် ဖွဖွလေး ရယ်လိုက်ကာ ကြည့်မနေနိုင်သည့်အဆုံး သူ ကိုယ်တိုင်ပဲ ထွက်လာပြီးတော့ ခါးပတ်ကြိုးကို ဆွဲထုတ်ပေးလိုက်ရသည်။ ခန္ဓာကိုယ်ချင်းက နီးကပ်သွားသောကြောင့်လားတော့ မပြောတတ်ပါ ၊ ဟန်ဘင်းဟာ ကျန်းဟောင့်၏ ခန္ဓာကိုယ်ထံမှ ပန်းပွင့်နံ့လိုမျိုး ခပ်သင်းသင်းရနံ့လေးတစ်ခုကို ရလိုက်လေ၏။ ဘာရေမွှေးကို သုံးသလဲတော့ မသိပါချေ။

Starstruck LoveWhere stories live. Discover now