Scene #6 : Origin

3.8K 609 53
                                    

ယနေ့နှင့်ဆိုလျှင် ရိုက်ကွင်း တမင်တကာ အကြောင်းပြပြီးတော့ ရိုက်ကွင်းကို မသွားခဲ့သည်မှာ သုံးရက်မြောက်နေ့ ဖြစ်ပါ၏။ ဆောင်းဟန်ဘင်း မျက်နှာကို မြင်လိုက်သည်နှင့် နားဖျားများ ပူနွေးတက်လာသည့် သူ့အဖို့ ယခုလက်တလောတွင် မျက်နှာချင်းဆိုင် ဆိုင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့။

သို့သည့်တိုင် အိမ်၌ ထိုင်နေရင်း ဘာလုပ်နေခဲ့သလဲ ဟု မေးလာခဲ့လျှင်လည်း.. သူ လုပ်ခဲ့သမျှမှာ ဆောင်းဟန်ဘင်း၏ အရင်တုန်းက အင်တာဗျူးများကို တောက်လျှောက် ထိုင်ကြည့်နေမိခြင်းသာ။

ဆောင်းဟန်ဘင်း၏ အင်တာဗျူးများဟာ အမြဲတမ်းလိုလို နားဝင်ချိုလှသည့် တေးသွားတစ်ခုကို နားထောင်နေရသလိုမျိုး ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်ပင်။ စကားလုံးများကို နွေးထွေးလှပအောင် ရွေးသုံးတတ်ပြီး သူ ပြောသည့် စကားကို အခြားအဓိပ္ပါယ် မရောက်သွားအောင် ထိန်းပြောတတ်ခြင်းဟာလည်း ပညာတစ်ရပ် မဟုတ်ပါလား။

" ကျွန်တော့်အမြင်မှာတော့ ဝတ္ထုဇာတ်ကောင်တွေဆိုတာကလည်း တခြားကမ္ဘာတစ်ခုမှာ အသက်ရှင်နေတဲ့ လူတွေလို့ပဲ မြင်တယ် ၊ ကျွန်တော်တို့ သရုပ်ဆောင်တွေဆိုတာက သူတို့ကို အသက်ဝင်လာအောင် သရုပ်ဆောင်ပေးရတယ်ဆိုတာထက် သူတို့လိုမျိုး ဖြစ်နေအောင် အတုခိုးပေးရတာမျိုးပေါ့ ၊ ဘယ်သူကမှတော့ ရာနှုန်းပြည့်တူအောင် အတုမခိုးနိုင်ဘူးလေ ၊ ဝတ္ထုဇာတ်ကောင်တွေအပေါ်လည်း ကျွန်တော်တို့က လေးစားပေးရမှာပေါ့ "

ဤသည်မှာ လက်ရှိရိုက်နေသည့် ရုပ်ရှင်မှ ဝတ္ထုဇာတ်ကောင်အပေါ် ဘယ်လိုမျိုး မြင်လေသလဲ ဆိုသည့် မေးခွန်းကို ဆောင်းဟန်ဘင်းက ပြန်ဖြေထားခဲ့သည့်အဖြေ။

" ဒါပေမဲ့ ဆောဟျွန်းဘင်း ဇာတ်ကောင်က ဟန်ဘင်းနဲ့ဆို တော်တော်လေး တူတာဆိုပြီး လူတွေ တော်တော်များများ ပြောကြတာနော် "

" ဟုတ်ပါတယ် ၊ ကျွန်တော်လည်း အဲ့ဒါကိုတော့ ကျေးဇူးတင်မိတယ် ၊ ဘယ်လိုပြောရမလဲ ကျွန်တော့်အတွက် အမြွာတစ်ယောက် ရသွားသလိုမျိုး ခံစားချက်ပဲ ၊ ငါနဲ့ အတွေးတွေ ဆင်တူတဲ့လူ နောက်တစ်ယောက် ရှိနေသေးတာပဲ ဆိုတဲ့ စိတ်မျိုးလေ ၊ ကျွန်တော် သရုပ်ဆောင်ခဲ့ရသမျှ ဇာတ်ကောင်တွေထဲ အမှတ်အရဆုံး ဇာတ်ကောင် ဖြစ်လာလိမ့်မယ် ထင်ပါတယ် "

Starstruck LoveTempat cerita menjadi hidup. Temukan sekarang