Take #14 : Loosen Threads

3.9K 634 128
                                    

မျက်စိရှေ့ကို ကြည့်လိုက်ပါလျှင် တသွင်သွင်စီးနေသည့် မြစ်တစ်စင်းနှင့်အတူ အပေါ်၌ အုပ်မိုးထားသည်မှာ ကြယ်ပွင့်များ တောက်ပနေပါသည့် အနက်ရောင်ကောင်းကင်။ သင်းသွဲ့နေသည့် လေပြေအေးအေးလေးက ငုတ်တုတ်ထိုင်နေသည့် သူတို့နှစ်ယောက်လုံးထံသို့ တန်းတူညီမျှစွာဖြင့် တိုက်ပြီး ဖြတ်ပြေးသွားခဲ့သည်။

ဆိုင်လည်း မထိုင်ချင်ပါသည့် ဂင်မ်ဂျီအွန်းဟာ အနားမှ စတိုးဆိုင်တစ်ခုထံသို့ ဝင်ကာ ဆိုဂျူပုလင်းများနှင့်အတူ အမြည်းစားဖို့ အဆင်ပြေလောက်သည့် အရာအချို့ကို ဆွဲခဲ့ပြီးနောက် မက်သျူးကို မြစ်ကမ်းနံဘေးရှိ ထိုင်လို့ကောင်းမည့် နေရာတစ်ခုထံသို့သာ ခေါ်လာခဲ့ရ၏။

မက်သျူးကမူ ရိုက်ကွင်းမှ ထွက်လာပြီးကတည်းက သူ့ကိုလည်း စကားမပြောခဲ့ဘဲ မျက်နှာကို အောက်သို့ ငိုက်စိုက်ချထားကာ သူ့လက်ကို သူ ပြန်ကြည့်နေခဲ့လေသည်။ ဘာတွေ ဖြစ်ထားခဲ့လေသလဲတော့ ဂျီအွန်းလည်း သေချာတော့ မသိပါသော်ငြား မကောင်းသည့် အငွေ့အသက်များတော့ လွှမ်းနေဆဲ။

မြစ်ကမ်းဘေးသို့ ရောက်သည့်အခါ ဂျီအွန်းက အစကတည်းက ကားနောက်ခန်းထဲတွင် ထည့်ထားသည့် အခင်းတစ်ချပ်ကို ယူလိုက်ပြီးနောက် မက်သျူးထိုင်ရအောင် ခင်းပေးလိုက်ပြီး သောက်စရာများကိုပါ ကျကျနန ချထားရင်းဖြင့် နှစ်ယောက်လုံးက အသီးသီး ဝင်ထိုင်လိုက်ကြသည်။ သို့သည့်တိုင် မိနစ်ပိုင်းမျှ ကြာသည်အထိ ဘယ်သူကမှ စကားစမပြောခဲ့ကြ။

ဂျီအွန်းကိုယ်တိုင်ကလည်း မက်သျူးကို စကားဘယ်လိုစခဲ့သင့်မှန်း မသိခဲ့ပါချေ။ သူ စပြောလာသည့် စကားက မှားသွားခဲ့ပါလျှင် မက်သျူးကို ပိုပြီးတော့ ဝမ်းနည်းစေလောက်သည် မဟုတ်ပါလား။ ထို့ကြောင့် ဒီအတိုင်းလေးပင် မက်သျူးကို ဆက်ပြီးတော့ စောင့်နေဖို့အတွက် တွေးမိလိုက်ပါ၏။

၅ မိနစ်လောက်မျှ ကြာပြီးသည့်အခါ မက်သျူးထံမှ မချိတင်ကဲ ရယ်သံသဲ့သဲ့လေးက လွင့်ပျံလာခဲ့သဖြင့် ဂျီအွန်းက တိတ်တခိုးလေး လှမ်းကြည့်မိလိုက်သည့်အခါ နီရဲနေသော မျက်လုံးများဖြင့် မက်သျူးက ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့သည်။ မချိတင်ကဲ ဖြစ်နေသည် ဆိုသည်ထက် သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေသလိုမျိုး ရယ်သံကြောင့် ဂျီအွန်းဟာ လက်ကို မြှောက်လိုက်ပြီး မက်သျူး၏ ကျောကို ပုတ်ပေးချင်စိတ်များကို မနည်းထိန်းချုပ်လိုက်ရလျက်သား။

Starstruck LoveDove le storie prendono vita. Scoprilo ora