Scene #9 : Chasing

5.4K 721 145
                                    

နံပါတ်တစ် - ကျန်းဟောင့် နောက်ဆိုလျှင် တစ်သက်လုံး လုံးဝ လုံးဝ လုံးဝ ဆိုဂျူကို လက်ဖျားနှင့်တောင် ထိတော့မည် မဟုတ်ပါ။

နံပါတ်နှစ် - ဘာဖြစ်လို့ သူ့ဦးနှောက်က တအားကောင်းလွန်းနေပြီး မူးခဲ့တုန်းက ကိစ္စတွေ အကုန်လုံးကို မှတ်မိနေရသလဲ ဆိုသည်ကို နားမလည်နိုင်ပါ။

နံပါတ်သုံး - သူ့ခါးပေါ် ရောက်နေသည့် ဆောင်းဟန်ဘင်း၏ လက်ကို ဘယ်လိုဖယ်ရမလဲ ဆိုသည့်အကြောင်း သူ မစဥ်းစားတတ်ပါ။

ထိုအတွေးသုံးခုဟာ လက်ရှိတွင် ကျန်းဟောင့်၏ ခေါင်းအတွင်း၌ ယန္တရားများလိုမျိုး ချိတ်ဆက်ပြီး လည်ပတ်ဖို့ရာ မတတ်နိုင်ဖြစ်နေခဲ့ပြီး ကျန်းဟောင့်ဟာ လက်မကို ဖွဖွလေးကိုက်ကာ နောက်သို့ လှည့်ကြည့်မိလိုက်သည်။

အိပ်ပျော်နေသည့် ဆောင်းဟန်ဘင်း၏ မျက်နှာဟာ တကယ်ကို ပိတ်ကားတစ်ချပ်ပေါ် မှတ်တမ်းတင်ချင်ဖွယ်ရာအတိ ၊ ရှည်လျားလှသည့် မျက်တောင်များက စင်းကျနေလေပြီး နှင်းလုံးလေးလိုမျိုး ဖြူဝင်းနေသည့် ပါးအိအိများကို မနိုင့်တနိုင်လေး အုပ်မိုးပေးလို့ထားသည်။ ထို့အပြင် ပါးလျနေသည့် နှုတ်ခမ်းပါးတို့ကလည်း ခပ်ဟဟ။

မနေ့ညတုန်းက သူ့ထံသို့ ညင်သာစွာ တိုးဝင်လာခဲ့ပါသည့် ထိုနှုတ်ခမ်းပါးများ....။

ကျန်းဟောင့်ဟာ အများကြီး လျှောက်မတွေးမိစဥ်၌ သူ့လက်ကိုသူ သွားဖြင့် ကိုက်လိုက်ရ၏။

ဒါမှမဟုတ် မနေ့တုန်းက ဖြစ်ခဲ့သမျှဟာ သူ တစ်ယောက်တည်းကပဲ စိတ်ကူးယဥ်ပြီးတော့ အိပ်မက်တွေ မက်နေရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘယ်လိုပဲပြောပြော ဤသည်မှာ မဆန်းကြယ်လှတော့သည့် စိတ်ကူးယဥ်အတွေးများပဲ မဟုတ်ပါလား။ လက်တွေ့မဖြစ်လာနိုင် ဆိုသည့် အချက်မှလွဲ ကျန်ရစ်နေသည့် အရာအားလုံးက သူနှင့် စိမ်းသက်မနေခဲ့။

အခုလက်ရှိတွင် သူက ဆောင်းဟန်ဘင်း၏ ခုတင်ပေါ် ရောက်နေခဲ့ပြီး ဆောင်းဟန်ဘင်းကလည်း သူ့ခါးကို လက်တင်ထားခဲ့ရုံသာ မဟုတ်ဘဲ တကယ်ကြီး လက်ချောင်းများက သူ့အသားထဲသို့ အနည်းငယ်မျှ နစ်ဝင်နေလောက်သည်အထိ တင်းကြပ်နေခဲ့လေရာ ဤသည်မှာ အဖက်ခံထားရခြင်း ဖြစ်ကြောင်းတော့ ရဲရဲကြီး ယူဆလို့ ရနိုင်လောက်ပါ၏။

Starstruck LoveWhere stories live. Discover now