Extra #7 : Second Chance

956 111 4
                                    

မက်သျူး တစ်ခါတလေ ကျတော့လည်း ညဘက်များတွင် အိပ်မပျော်တော့ပါသည့် အချိန်များ ရှိတတ်လာခဲ့လေ၏။

ရိုက်ကွင်းက ရက်ဆက်ဖြစ်နေသည့် အချိန်မျိုးတွင်မူ မေ့မေ့လျော့လျော့ ဖြစ်နေတတ်ပါသည့်တိုင်၊ မဟုတ်သေး မေ့လျော့ထားနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ အလုပ်များကိုပဲ ဖိလုပ်တတ်ခဲ့ပါသည့်တိုင်၊ သူ့ခန္ဓာကိုယ်အတွက် အနားယူဖို့ကလည်း အရေးကြီးပါကြောင်း ပြောရင်း မန်နေဂျာဖြစ်သူက နားကို နားရမည်ဟု ရာဇသံပေးကာ အိမ်၌ ကပ်နေရသည့် အချိန်မျိုးတွင်မူ သူ့အတွေးများက နေရင်းထိုင်ရင်းကို သူ မေ့ဖျောက်ထားပါသည့် အရာများထံသို့ လွင့်ပျံလို့သွားတတ်လေ၏။

အခြားလူများကတော့ နားလည်ပေးနိုင်မည် မဟုတ်လောက်ပါ၊ ဟင့်အင်း သူ့ကိုယ်သူလည်း နားမလည်နိုင်ခဲ့ပါ။ မက်သျူးဟာ သူ ဂျီအွန်းကို သေချာလေး တောင်းပန်ခဲ့ပါသည့် နေ့မှစလို့ သူ ဘာဖြစ်လို့များ ဒီလိုမျိုး လုပ်ခဲ့ရတာလဲ ဆိုသည့် အကြောင်းကို နေ့တိုင်းနီးပါး ထိုင်ပြီးတော့ တွေးနေမိခဲ့သည်။

တော်တော်လေးကို ရက်စက်ရာ ကျခဲ့ပါသည်..။ ကိုယ့်ဘာသာကိုယ် ပြန်တွေးမိလျှင်တောင်မှ အပြစ်များ ပုံချချင်စရာ ကောင်းလှပါသော အပြုအမူအချို့ မဟုတ်ပါလား။

"စိတ်ကုန်ဖို့ ကောင်းလိုက်တာ"

သက်ပြင်းဖွဖွ ချလိုက်ရင်းဖြင့်သာ မက်သျူးက သူ့ဆံပင်ကို လက်ချောင်းများဖြင့် ဖွလိုက်မိပါ၏။ စိတ်ကုန်စရာပင်၊ သူ ထိုကဲ့သို့ မညှာမတာ မစာမနာဖြင့် မလုပ်သင့်ခဲ့ပါချေ။

ဂျီအွန်းဟျောင်းဟာ သူ ကိုယ်တိုင်တောင် မသိလိုက်ခင်မှာတင် သူ့စိတ်အတွက် နားခိုရာတစ်ခု ဖြစ်လို့သွားခဲ့သည် မဟုတ်ပါလား၊ တက်သစ်စ မင်းသား ဖြစ်နေပါသည့် သူ့ကို အစကတည်းက မငြိုမငြင်ဖြင့် ဆွဲခေါ်သွားခဲ့ပေးကာ အများကြီး ကူညီပေးခဲ့သူ၊ မသိသည့်အရာရှိလျှင် သူ့ကို တန်းမေးလို့ရပါကြောင်း အကြိမ်ပေါင်းများစွာ အာမဘန္တေ ခံပေးခဲ့ပြီး ရိုက်ကွင်း၌ သူ အမှားများ လုပ်ပါလျှင်တောင် မညည်းမညူ တစ်ခုချင်း သင်ပြပေးခဲ့ပါသူ။

Starstruck LoveWhere stories live. Discover now